မုံရွာ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၁၂ ရက်က စစ်ကိုင်းစက်မှုဇုန်ရှိ မဟာနီလာကုမ္ပဏီ နီဖန်း EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တပ်ဆင်နေမှုများ၊ တပ်ဆင်ပြီးစီးမှု ဆိုင်ကယ်များနှင့် ဆိုင်ကယ်ဘရိတ်ရှူးထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ပီနံအိတ်မျိုးစုံ ၉၀၀၀၀ အိတ် ဝန်းကျင်နှင့် ချည်လုံး ၁၀၅ လုံးပါ ၆၀ ဖာ ထုတ်လုပ်နေသည့် မန္တလေးငွေတောင် ပီနံအိတ်နှင့် ချည်လုံးထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ပီနံအိတ်အမျိုးမျိုးနှင့် ချည်လုံးထုတ်လုပ်နေမှု အဆင့်ဆင့်တို့ကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကုန်းကြမ်းသိုလှောင်ထားရှိမှုများနှင့် ကုန်ချောထုပ်ပိုးထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ စစ်ကိုင်းမြို့နယ် အနီးဝန်းကျင်ရှိ ပြည်သူ ၁၂၀၀ အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသည့် တစ်ရက်လျှင် ကွန်ပျူတာဆက်စပ်ဝါယာကြိုးနှင့် ဖုန်းအားသွင်းကြိုး ၉၀၀၀၀ ထုတ်လုပ်နေသည့် ကျင်းရှင်း နည်းပညာ စစ်ကိုင်းကုမ္ပဏီ လုပ်ငန်းခွင်သို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


