နေပြည်တော် ဒီဇင်ဘာ ၁၃

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သိန်း (၂၄၀၀) ဖြင့် သမဝါယမဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ အဆိုပါစီမံ ကိန်းတွင်ပါဝင်သော ဓနုဖြူမြို့နယ်၊ ထီကွေ့ကျေးရွာ၊ ငွေတိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်း၏ ဝက်မွေးမြူရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးသမဝါယမ အသင်းသားများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက်  ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခေတ်မီစံပြကျေးရွာထူထောင်ရေး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲ သို့တက်ရောက်ကာ အခမ်းအနား ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီးကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် တွေ့ဆုံကာ ကျေးရွာတွင်းလမ်းများနှင့် ကျေးရွာရေပေးရေးစနစ် ဆောင်ရွက်ပေးထားမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့ ဒက္ခိဏာရုံကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကန်တော့ကာ ပရဟိတကို တည်ထောင်ခဲ့သော ဆရာတော်ကြီးများ၏ မွေးနေ့အထိမ်းအမှတ် အလှူနှင့် လေးမျက်နှာမြို့ အထက၊ အလက ကျောင်းများ၏ မြတ်ဆရာပူဇော်ပွဲ၊ လှော်ကထားအခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာပူဇော်ပွဲတို့အတွက် အလှူငွေများ လှူဒါန်းကာ လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးသစ်တည်ဆောက် မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင် ရွက်နေသော ခတ္တူကြိုး တံတား (၁၆၅) ပေ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှုကို ကြည်ရှုစစ်ဆေးပြီး အနော်ရထာမင်းကြီး တည်ထားခဲ့သော သမိုင်းဝင်စတုမုခ ထူပါရုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ကန်တော့ကာ ငဝန်မြစ်ကမ်းထိန်း ရေလွှဲရေကာ (၃) ခု တည်ဆောက်နေမှု နှင့် Bored Pile အခြေပြု RCC Mid Wall တည်ဆောက်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်ခွင့်ပြုရန်ပုံငွေဖြင့် တူရိုးကွန်ကရစ်တံတား ပေ (၈၀) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကတက်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် (ဆီထွက်သီးနှံ) စိုက်ပျိုးနေသော တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံနေကြာစိုက် တောင်သူများအတွက် သဘာဝမြေဩဇာများ ပေးအပ်သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာမှ ရယူခဲ့သော တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိသည့် မြေပဲမျိုးဖြင့် ကတက်ကုန်းကျေးရွာမှ တောင်သူဦးအုန်းမြင့် စမ်းသပ် စိုက်ပျိုးနေသော စိုက်ခင်းသို့ သွားရောက် အားပေးကြည့်ရှုပြီး ဗောဓိကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင် သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာနှင့် မြေပဲတို့ကို တိုးချဲ့စိုက်ပျိုးရန် မှာကြားပြီး အလှူရှင် ဦးကျော်ဝင်းနိုင် လှူဒါန်းသော သိမ်းငှက်တံဆိပ် သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်