နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)၊ နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီး ဦးလွင်ဦး ရန်ကုန်မြို့၌ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီး ဌာန(နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် တန်းခွဲနှစ်ခုဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ရက်သတ္တ (၁၂)ပတ်ကြာဖြင့် ဖွင့်လှစ်ခဲ့ပြီး အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိက နယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ ဘာသာရပ်များကို စိတ်ပါဝင်စားသူ စုစုပေါင်း(၂၁၆)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် များ၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေ ဘာသာရပ်များ၊ စီးပွားရေးနှင့် အထွေထွေ ဗဟုသုတဆိုင်ရာများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်


