နေပြည်တော် ဒီဇင်ဘာ ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်း ဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှူထမ်းများ တက်ရောက်ကြသည်။ 

ဉီးစွာ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံပေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းလင်းက ဥပဒေ၏ အခြေခံသဘောတရား၊ ဥပဒေအရင်းအမြစ်များနှင့် ဥပဒေပြုခြင်း၊ ဥပဒေအမျိုးအစားခွဲခြားခြင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ ဥပဒေသမိုင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းမှု အကြောင်းကိုလည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ ရာဇဝတ်မှုများတွင် ဖမ်းဆီးခြင်း၊ ချုပ်နှောင် ခြင်း၊ တိုင်တန်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊ ရာဇသတ်ကြီးပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းနှင့် အထူးဥပဒေများပါ ပြစ်မှု၊ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောကြပြီး ဝန်ထမ်းများက ဥပဒေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ ဥပဒေပညာရှင်များက ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က မိမိတို့ဝန်ကြီးဌာနသည် ဌာနမှထုတ်ပြန်ပြဌာန်း ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူကို ဝန်ဆောင်မှုပေးရသော ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် ယင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကျွမ်းကျင် ပိုင်နိုင်ကြရန်လိုအပ်သည့်အပြင် နိုင်ငံတော်မှပေးအပ်သည့် အခြားသော လုပ်ငန်းတာဝန်များကိုလည်း ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်မှ ထုတ်ပြန်ပြဌာန်းထား သည့် ဥပဒေများကို သိရှိနားလည်ကာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဥပဒေဘောင်အတွင်းမှ အဂတိတရားကင်းရှင်းစွာ စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲကို ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရည်မှန်းချက် တာဝန်များကိုဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သီးခြားပေးအပ်သည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာ၌ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်နှင့် ဥပဒေဆိုင်ရာအသိပညာများ တိုးပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်