နေပြည်တော် ဒီဇင်ဘာ ၁၄
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး သံရည်ကျို အလုပ်ရုံ၊ အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ၊ စက်မှုလုပ်ငန်းသုံး ရေလုံလောက်စွာရရှိရေးအတွက် ရေအရင်းအမြစ်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် သံမြေမှ သံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)၌ အလုပ်ရုံ (၂၂)ရုံ တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံ (၂၂)ရုံအနက် အလုပ်ရုံ (၁၉)ရုံသည် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ကျွမ်းကျင်ပညာများနှင့် ပြည်တွင်းပညာရှင်များဖြင့် စက်ပစ္စည်းကိရိယာများကိုစစ်ဆေး ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်၍ စက်စမ်းသပ် လည်ပတ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် အလုပ်ရုံ (၃)ရုံကိုလည်း အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်း(၈၀)ရှိသည့်အနက် စက်မှုဝန်ကြီးဌာနမှလုပ်ငန်း (၄၅)ခု၊ ပြည်ပကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ လုပ်ငန်း (၃၅)ခု ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာမှ ဆောင်ရွက်ရမည့် လုပ်ငန်း(၄၅)ခုနှင့်ပတ်သက်၍ အမြန်ဆုံး ပြီးစီးအောင်စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြီးပြတ်မှသာ ပြည်ပကျွမ်းကျင်ပညာရှင်များ လာရောက်မည်ဖြစ်၍ လုပ်ငန်းများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
သတင်းစဉ်


