နေပြည်တော် ဒီဇင်ဘာ ၁၄

ရန်ကုန်စီးပွားရေးတက္ကသိုလ် စတင်ထူထောင်ခြင်း နှစ် (၆၀) ပြည့် အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

မြတ်ဆရာပူဇော်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ခေတ်အဆက်ဆက် ဦးဆောင် ဆောင်ရွက်ပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၏ စွမ်းဆောင်ပေးနိုင်ခဲ့မှုများ၊ စီးပွားရေးပညာရပ်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့မှုများ၊ စီးပွားရေး ပညာရပ်များ အဆင့်ဆင့် တိုးတက်ဖွင့်လှစ်ပေးနိုင်ခဲ့မှုတို့ကို ဂုဏ်ပြုပြောကြားသည်။

ထို့အတူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးက ဆရာကြီး၊ ဆရာမကြီးများကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး နှစ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ ဆောင်ရွက်မှုကို ရှင်းလင်းကာ တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများကလည်း မြတ်ဆရာ ပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ဝမ်းမြောက်ကြောင်း အမှာစကားများ ပြောကြားကြသည်။ 

မြတ်ဆရာပူဇော်ပွဲသို့ ဖိတ်ကြားထားသည့် ဆရာကြီး၊ ဆရာမကြီး ၂၅၆ ဦးမှ ၁၃၄ ဦးတို့သည် ကိုယ်တိုင်တက်ရောက်ကြပြီး အခြားဆရာကြီး၊ ဆရာမကြီးများသည် အွန်လိုင်းမှ ပါဝင်တက်ရောက်ကြကာ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားအပြီးတွင် ဖိတ်ကြားထားသည့် ဆရာကြီး၊ ဆရာမကြီးကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

ယင်းနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသူ ကျောင်းသားဟောင်းများနှင့် တက်ရောက်နေဆဲ ကျောင်းသူကျောင်းသားများက   စတုဒိသာ ကျွေးမွေးခြင်း၊ နိုင်ငံကျော် တေးသံရှင်များက ကျောင်းသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ ဆောင်ရွက်ကြရာ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တက်ရောက်လာသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် စတင်ထူထောင်ခြင်း နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် စီးပွားရေးလုပ်ငန်းရှင်များကလည်း လုပ်ငန်းအလိုက် ထုတ်ကုန်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ စသည်ဖြင့် ပြခန်းပေါင်း ၈၀ ကျော်ကို ပါဝင်ပြသပေးကြကြောင်း သိရသည်။

သတင်းစဉ်