နေပြည်တော် ဒီဇင်ဘာ ၁၄
ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ Wyndham Hotel ၌ ကျင်းပသည့် သတ္တမ အကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါပညာ ရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Wyndham Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္က သိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအထူးကုဆရာဝန်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာရပ်ဆိုင်ရာညီလာခံကို “Towards better GI and Liver Health Care” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယခုညီလာခံ၌ မြန်မာနိုင်ငံမှ ပညာရှင်များသာမက အိန္ဒိယနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်(တရုတ်နိုင်ငံ)၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အစာအိမ်၊ အူလမ်းကြောင်း နှင့် အသည်းရောဂါ ဆေးပညာရှင်များ အတွေ့အကြုံ၊ ဗဟုသုတများ အပြန်အလှန် မျှဝေကြမည်ဟုသိရှိရ၍ မြန်မာနိုင်ငံရှိ အထွေထွေ ရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အထူးကုဆရာဝန်များ အတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာများကို လေ့လာခွင့်ရရှိကြမည် ဖြစ်သဖြင့်လူနာဗဟိုပြု ဆေးကုသမှု လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ၊ ဌာနမှူး (အစာအိမ်၊ အူလမ်းကြောင်း)၊ ပါမောက္ခဒေါက်တာသန်းသန်းအေးနှင့် ပါမောက္ခဒုတိယဗိုလ်မှူးကြီး ကျော်စိုးထွန်း(ငြိမ်း)တို့က ညီလာခံ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပါမောက္ခ ဒေါက်တာသန်းသန်းအေးနှင့် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးကျော်စိုးထွန်း(ငြိမ်း)နှင့် ပါမောက္ခ F. Blaine Hollinger တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာညီလာခံပြခန်းနှင့် ဆေးဝါးပြခန်းများကို လှည့်လှည်ကြည့်ရှု အားပေးကြရာ ပြခန်းများတွင် ပညာရပ်ဆိုင်ရာပိုစတာ(၂၇)ခုနှင့် ဆေးနှင့် ဆေးပစ္စည်း ပြခန်းပေါင်း(၄၁)ခန်းတို့ ခင်းကျင်းပြသထားသည်။
အဆိုပါညီလာခံကို ဒီဇင်ဘာ (၁၄)ရက်မှ (၁၅)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံ (၈)နိုင်ငံမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆေးပညာရှင်များနှင့်အတူ ဆေးပညာရပ်ဆိုင် ရာဗဟုသုတ မျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံ များမျှဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာနရှိ ကျန်းမာရေးဝန်ကြီးဌာန၏ နိုင်ငံတကာအဆင့်မှီ မှန်ပြောင်း ကြည့်ရှုခန်းများတွင် မြန်မာနိုင်ငံမှ ဆေးပညာရှင်များနှင့် နိုင်ငံတကာမှ ညီလာခံသို့ တက်ရောက်လာသော ပါမောက္ခ/အထူးကုဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်သော အစာအိမ်၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
အဆိုပါကုသမှုအစီအစဉ်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံ ကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် (၁၂)ဦးက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အထူးကု ဆရာဝန် (၇)ဦးနှင့်အတူ လူနာ (၁၁)ဦးကို ကုသပေးနိုင်ခဲ့ပြီး SpyGlass မှန်ပြောင်းဖြင့် သည်းခြေလမ်းကြောင်းအတွင်းထိ ကြည့်ရှု၍ ကုသခြင်း၊ မုန့်ချိုအိတ်အတွင်း ကျောက်များကို ဖယ်ရှားခြင်း၊ အစာမျိုပြွန်ကြွက်သား ရောဂါကြောင့် အစာမျိုချရခက်ခဲခြင်းရောဂါကို မှန်ပြောင်း ဖြင့် ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့် အူမကြီးရှိ အစောပိုင်း ကင်ဆာများကို ရှာဖွေခြင်းနှင့် မှန်ပြောင်းဖြင့် ဖြတ်တောက်ကုသခြင်း၊ အထူးပုံရိပ်ဖော်မှန် ပြောင်းကိုအသုံးပြု၍ ရောဂါရှာဖွေ ကုသခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါကုသမှုများကို ယခင်က နိုင်ငံရပ်ခြားတွင်သာ ကုသနိုင်သော်လည်း ယခုအခါ ပြည်တွင်း၌ပင် မှန်ပြောင်းဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


