ရန်ကုန် ဒီဇင်ဘာ ၁၅

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်များဆေးရုံ (ရန်ကုန်) သို့ သွားရောက်၍ တက္ကသိုလ် ဆရာ/ဆရာ မများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အများပြည်သူများအတွက် သွားနှင့်ခံတွင်းဌာန ဖွင့်လှစ် ကုသနေမှုကို သွားရောက်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် ဖိတ်ခေါ်ထားရှိသည့် သက်ကြီးရွယ်အို (၂၉) ဦး၊ တက္ကသိုလ်ပေါင်းစုံမှ အငြိမ်းစားတက္ကသိုလ် ဆရာ၊ ဆရာမ၊ ဝန်ထမ်းမိသားစုများ (၁၅) ဦး၊ စုစုပေါင်း (၄၄) ဦးကို အံကပ်များ တပ်ဆင်ပေးနေမှု ကြည့်ရှုအားပေးသည်။

 

mdn

 

ထို့နောက် ပြည်သူလူထု အခြေပြုပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာ (၁၅) ဦးကို တက္ကသိုလ်များဆေးရုံ (ရန်ကုန်) တွင် ဖွင့်လှစ်ထားသည့် မျက်စိခွဲစိတ် ကုသဆောင်၌ ခွဲစိတ်ကုသနေမှုများကို လှည့်လည်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များနှင့်အတူ ခွဲစိတ်ပြီးလူနာများကို မျက်မှန်နှင့်အာဟာရပြည့် စားသောက်ဖွယ်ရာများ လှူဒါန်းသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်များဆေးရုံ (ရန်ကုန်) ၏ ပြင်ပ လူနာဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ ဆေးကုသဆောင်နှင့် အထူးကုပြင်ပလူနာဌာန အဆောက်အဦများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက် ပြီးစီးထားသည့် (၄) ထပ်ကုသဆောင်သစ် အဆောက်အဦ အတွင်းအခန်းများ ဖွဲ့စည်းထားရှိမှုနှင့် အသုံးပြုမည့် အစီအစဉ်တို့ကို အထပ်လိုက် လိုက်လံစစ်ဆေးပြီး အဆောက်အဦသစ်အတွင်းအခန်းများ နေရာချထားမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေး မှာကြားသည်။

 

အဆိုပါအဆောက်အဦသည် ၁၈၂ ပေ x ၆၄ ပေ ၄-ထပ် RC အဆောက်အဦဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁) က တာဝန်ယူ ဆောက်လုပ်ခဲ့ကာ ကျန်းမာရေးဝန်ကြီးဌာန ရန်ပုံငွေ စုစုပေါင်းငွေကျပ် (၂၁၁၆ ဒသမ ၆၆၄) သန်း ကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

သတင်းစဉ်