နေပြည်တော်ဒီဇင်ဘာ ၁၅
(၅၆)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စုဝေးဆောင်ခန်းမ၌ “နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များအကြောင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ အချိန်နှင့်ငွေကြေး အကုန်အကျခံကာ သုတေသနပြု ဆောင်ရွက်ထားရှိသော စပါးမျိုးသစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန ပညာပေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များ၊ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆွေးနွေးသည်။
ယနေ့ကျင်းပသည့် (၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးပညာရှင်များ၊ လယ်ဝေးမြို့နယ်မှတောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများက Zoom point ၆၈ point မှ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


