နေပြည်တော် ဒီဇင်ဘာ  ၁၅  

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့်   ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေသည့် အခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရား လမ်းဆုံမှ မင်းနန်သူကျေးရွာအဝင်လမ်း၊ မိုးကုတ်ရိပ်သာနောက်ကျောမှ ရွှေဆံတော်ဘုရားလမ်း၊  ဓမ္မရံကြီးဘုရားမှ ဓမ္မရာဇကဘုရားသွားလမ်း၊ ဘူးလယ်သီးဘုရားအဝင်လမ်းမှ အာနန္ဒာဘုရား-မင်းနန်းသူရွာ အဝင်လမ်း၊ သရပါဂိတ်မှ ရွှေကွန်ချာဘုရားသွားလမ်း၊ ရွာဟောင်းကြီး - အနန္ဒမေတ္တာ ဘုန်းကြီးကျောင်း - အာနန္ဒာဘုရားလမ်း၊ သူဌေးကန်ကျေးရွာအဝင်လမ်း၊ တောင်ဘီရွာနှင့် ရင်မနား ဘုရားသွားလမ်း၊ သိကြားပုန်းဘုရားသွားလမ်း၊ အာနန္ဒာဘုရားလမ်းဆုံမှ သရပါဂိတ် (ညောင်ဦး-ချောက်ကားလမ်းဟောင်း)၊ ကျောက်မျက်မှော်ဘုရားအဝင်လမ်း၊ ချောက် - စဉ့်ကူလမ်းမကြီးမှ ဘုရားအမှတ် (၁၀၆၂) ဘုရားအဝင်လမ်း၊ ချောက် - စဉ့်ကူလမ်းမကြီးမှ စေတနာကြီးဘုရား အဝင်လမ်းတို့ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်စေရန် စိစစ်အကြံပြုချက်များနှင့် အညီ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းရေကန်များ ဖြစ်သည့် ကုသိနာရုံကန်၊ ကန်သစ်ကြီးကန်၊ မြေနှဲလေးကန်-၁၊ ကန်ရှည်လျားကန်တို့ကို ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများ အဆင့်မြှင့်တင်ပေးခြင်းဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်၍  ပုဂံဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်