မြိတ် ဒီဇင်ဘာ ၁၆

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားစျေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီကို ယခုနှစ်တွင် ကော်ဖီ(၁၈၇၄)ဧက စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ကော်ဖီကို ၂၀၂၃-၂၀၂၄ ခုနှစ်က ကော်ဖီစိုက်ဧက (၁၁၄၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၃၀၂၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးသည် မိုးရွာသွန်းမှုများပြီး အီကွေတာရာသီဥတုရှိသဖြင့် ပင်လယ်ရေမျက်နှာပြင်မှ ပေ(၂၅၀၀)အတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် မြေပြန့်ကော်ဖီ Robusta (ရိုဘတ်စတာ) ကော်ဖီမျိုးကွဲ ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည့် တိုင်းဒေသကြီးဖြစ်သည်။

 

နိုင်ငံခြားစျေးကွက်ဝင် သီးနှံဖြစ်သော ကော်ဖီပင်များကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်တွင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့နှင့် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်များတွင် ကော်ဖီပျိုးပင်များကို ဧကရာချီ၍ စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ခရိုင်အလိုက် ကော်ဖီစိုက်ပျိုးမှုမှာ ထားဝယ်ခရိုင်တွင် ကော်ဖီ (၄၇၀)ဧက၊ မြိတ်ခရိုင်တွင် (၁၂၀၀)ဧက၊ ဘုတ်ပြင်းခရိုင်တွင် (၈၄၅)ဧကနှင့် ကော့သောင်းခရိုင်တွင် (၅၀၇)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ကော်ဖီအသီးခူးဧကနှင့် ထွက်ရှိမှာ အသီးခူးဧကအနေဖြင့် ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ အသီးခူးဧက (၂၉၀)ဧကရှိပြီး တစ်ဧကကော်ဖီထွက်ရှိမှုမှာ (၁၄၉ ဒသမ ၆၁)ပိဿာ၊ စုစုပေါင်း (၄၃၃၈၆)ပိဿာထွက်ရှိခဲ့သည်။ ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အသီးခူးဧက (၅၃)ဧကရှိပြီး ကော်ဖီထွက်ရှိမှုအနေဖြင့် တစ်ဧက(၁၂၇)ပိဿာ စုစုပေါင်းပိဿာ(၆၇၆၀) ထွက်ရှိခဲ့ကြောင်း သိရသည်။

 

“ကော်ဖီပင်များကို မိုးဦးကာလဖြစ်တဲ့ ဇွန်လမှာ စတင်စိုက်ပျိုးရပါတယ်။​ စိုက်ပျိုးပြီး ၄ - ၅ နှစ်သား အရွယ်မှာ စတင်အသီးသီး​ပါတယ်။ ကော်ဖီသီးများကို ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ အသီးခူးရပါတယ်။ ပြည်တွင်းကထွက်ရှိလာတဲ့ ကော်ဖီများကို ပြည်ပတင်ပို့တာရှိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့အပြင် နှစ်ရှည်သီးနှံအဖြစ် ရော်ဘာနှင့် ကွမ်းသီးပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်သီးနှံပင်များဖြစ်သည့် ရော်ဘာပင်နှင့် ကွမ်းသီးပင်များကြား၌ ကြားသီးနှံအ​ဖြစ် ကော်ဖီပင်များကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်အသုံးချမှု တိုးတက်လာစေရန်၊ တောင်သူများ၏ ဝင်ငွေတိုးပွား၍ လူနေမှုဘဝမြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ဒေသခံတောင်သူများအား နည်းပညာပေးခြင်း၊ ပျိုးပင်များအား အခမဲ့ ပေးအပ်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံခြားစျေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီပင်များကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်တွင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့နှင့် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်များတွင် ကော်ဖီပျိုးပင်များကို ဧကရာချီ၍ စိုက်ပျိုးထားကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)