ဆိပ်ဖြူ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ(ဥ) စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်မှု အောင်မြင်းဖြစ်ထွန်းလျက်ရှိပြီး ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် ကြက်သွန်နီတူးဖော်ချိန်၌ ကြက်သွန်နီဈေးရရှိရန် မျှော်လင့်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်သည် ဆောင်သီးနှံ ကြက်သွန်နီကို အဓိကထား စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ကြက်သွန်နီကို ဥစိုက်ပျိုးခြင်း၊ အစေ့ပျိုးထောင် စိုက်ပျိုးခြင်းများကို ဆောင်ရွက်ကြသည်။ ၂၀၂၄ ခုနှစ် ဆောင်သီးနှံ ကြက်သွန်နီကို စိုက်ပျိုးရန် ၆၂၅၄ ဧက စိုက်ပျိုးရန်လျာထား၍ ၅၆၃၄ ဧက စိုက်ပျိုးပြီးခဲ့ကြောင်း၊ လက်ရှိစိုက်ပျိုးပြီးစီးခဲ့ ကြက်သွန်နီ(ဥ) စိုက်များကို မကြာမီကာလတွင် တူးဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး သီးထပ်အနေဖြင့် ကြက်သွန်နီအပင်စိုက်များကို တောင်သူများက ထပ်မံစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိစိုက်ပျိုးထာသည့် ကြက်သွန်နီ(ဥ) စိုက်ခင်းကတစ်ဧကကို ကျပ်သိန်း (၃၀)မှ (၃၅)သိန်းအထိ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုစရိတ်များ ကုန်ကျခဲ့ပြီး အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတို့က စိုက်ပျိုးခဲ့ကြောင်း၊ ယခင်နှစ်က ကြက်သွန်နီ(ဥ) စိုက်ပျိုးထုတ်လုပ်မှုမှ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ ဈေးရရှိခဲ့သလို ယခုနှစ် ကြက်သွန်နီ(ဥ) စိုက်ပျိုးမှုကနေ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း၊ ကြက်သွန်နီဈေးကွက် လေ့လာသူတစ်ဦးက မကြားမီပေါ်ထွက်မည့် ကြက်သွန်နီ(ဥ) စိုက်များကို အရည်အသွေးပေါ်မူတည်၍ ယခင်နှစ်ထက်ဈေးရရှိနိုင်ပြီး တောင်သူများအနေဖြင့်လည်း ဈေးကွက်အတွင်း ဈေးရရှိမှုအပေါ် အရည်အသွေး (စိုက်ပျိုးသက်တမ်း) မပြည့်ဘဲ တူးဖော်ရောင်းချခြင်းများ ရှောင်ကြဉ်မှ တောင်သူများ မျှော်မှန်းဈေးကွက် ရရှိနိုင်မှာဖြစ်ကြောင်း ဒေသခံတောင်သူများနှင့် ကြက်သွန်နီဈေးကွက် လေ့လာတင်ပို့ရောင်းချသူများထံက ပသိရှိရသည်။
ကိုဇွဲ(အညာမွေ)