ရန်ကုန် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်၏ ၁၁၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတက်ရောက်ရန် ရန်ကုန်မြို့၌ ရောက်ရှိနေသော အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၂၅၀ တို့သည် ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ စီးပွားရေးလုပ်ငန်းရှင်များအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ရုံးခန်းမ၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းက သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက်ကြည့်ရှုလေ့လာရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများက သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းဆောင်ရွက်မှု၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ပေးအပ်ထားသည့် ခံစားခွင့်များ၊ လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၊ လုပ်ငန်းရှင်များအတွက် သီလဝါထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် One Stop Service ဌာနများက အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးနေမှုတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဗွီဒီယိုကို ပြသကာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း မော်တော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုလေ့လာကြသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီလုပ်ငန်း ၁၁၇ ခု ရင်းနှီးမြုပ်နှံ လုပ်ကိုင်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းသစ်များကို ထပ်မံခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


