စစ်တွေ ဒီဇင်ဘာ ၁၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရဧည့်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက  မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိကြရန်လိုအပ်ပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ 

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရခိုင်၊ မရမာကြီး၊ ခမွီးနှင့်သက်  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်ချီး မြှင့်ကြသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သဘာဝဘေး အန္တရာယ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အဦရှိ ခြံစည်းရိုးနှင့် ဂိတ်တံခါးပြုပြင်ခြင်းလုပ်ငန်း၊ ရုံးအဆောက်အဦအမိုး၊ မျက်နှာကျက်ပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းနှင့် အခြားအထွေထွေ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

mdn