ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်လို
နေပြည်တော် ဒီဇင်ဘာ ၁၆
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ China Texmatech Co. Ltd. မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မိတ္ထီလာ မြို့နယ်မှ ရပ်မိရပ်ဖများ၊ စက်ရုံမှူး၊ စက်ရုံဝန်ထမ်း များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ်က စက်ရုံတည်ဆောက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)၊ ၂/၈၀ ချည်ချော စက်ရုံခွဲ မှတ်တမ်းရုပ်သံကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူတို့အနေဖြင့် စတင်ဖြစ်တည်စဉ်ကတည်းကပင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် ကိစ္စရပ်ကြီးသုံးခုကို နေ့စဉ်မလွဲမသွေ ရင်ဆိုင်နေကြရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယင်းအရေးကိစ္စကို အဆင်ပြေစွာ ဖြေရှင်းနိုင်ရေး နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့် ကုန်ထုတ်လုပ်ငန်းများ အဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့ကြောင်း၊ စား၊ ဝတ်၊ နေရေးတွင် ဝတ်ရေးဟူသည့် အဝတ်အထည်သည် လူသားများမွေးဖွားချိန်မှ သေဆုံးချိန်အထိ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ အဝတ်အထည်အသုံးအဆောင်ဖူလုံရန်မှာ လူ့ဘဝ တစ်လျှောက် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်တွင်းအဝတ်အထည် ဖူလုံစေရေးအတွက် ပြည်တွင်း၌ စိုက်ပျိုးနေသည့် ဝါမှတန်ဖိုးမြင့် ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း။
ဝါစိုက်ပျိုးရေးနှင့် ပတ်သက်ပါကလည်း ၂၀၁၆ ခုနှစ်ကစ၍ ဝါစိုက်ပျိုးမှုနှုန်း လျော့ကျလာသည့် အခြေအနေကို သုံးသပ်ပြီး ဝါစိုက်ပျိုးနိုင်သည့်ဒေသများတွင် အထွက်နှုန်းကောင်းပြီး အဆင့်မီချည်ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေး အောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ် ချည် နှင့် ပိတ်ထည်များကို ပမာဏ များစွာ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင် ဆောင်ရွက်ပြီး နိုင်ငံတကာ အဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ ဖြစ်စေ၊ ပြည်ပကို ပြန်လည်တင်ပို့ခြင်းဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ပြီး နိုင်ငံတော် အတွက် နိုင်ငံခြားငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာအဆင့်မီ ချည်ချောများထုတ်လုပ်
ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုကြောင်း။
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)ကို ဝတ်ရေးဆိုင်ရာ အထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှ မှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်- မြန်မာ အစိုးရတို့ အကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ကို ၁၉၆၆-၁၉၆၇ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း။
အထည်အလိပ်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်
မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း တပ်မတော်အတွက် လိုအပ်သည့် စစ်ဝတ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့် စက်ပစ္စည်းများကို ဝယ်ယူပေးခဲ့ပြီး နိုင်ငံတကာ တပ်မတော်များနည်းတူ စစ်ဝတ်ပစ္စည်းများ အဆင့်မီစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် တပ်မတော်သားများအတွက် လိုအပ်သည့် ဝတ်စုံအမျိုးမျိုးအပြင် တပ်မတော်သားများနှင့် ပြည်သူများအတွက် လိုအပ်သည့်အခြားသော အထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း။
ယခုကဲ့သို့ စက်ရုံအဆင့်မြှင့်တင်ခြင်းများ၊ စက်အသစ်ပြောင်းလဲတပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်များ မထုတ်လုပ်နိုင်သေးသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းကထွက်သည့် ဝါများနှင့် ထုတ်လုပ်နိုင်ရေး စက်ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့သည်မှာ ယခုဆိုပါက စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း၊ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် နှစ်တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့် လုံချည်နှင့် ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း။
ဝါအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်
ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ် ပြောင်းလဲမှု၏ အစဖြစ်သည်ဟု ပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်ပြီး ဝါအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့် အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီး နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများတိုးတက်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့် စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယနေ့ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏ အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့ အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည် အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များ တစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
လွှဲပြောင်းပေးအပ်
ဆက်လက်၍ China Texmatech Co. Ltd. မှ တာဝန်ရှိသူတစ်ဦးက စက်ပစ္စည်းတပ်ဆင်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို စက်ရုံမှူး ထံသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံ တည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား သစ်သီးခြင်းနှင့် အမှတ်တရ လက်ဆောင်ပေးအပ်ပြီး CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်သည်။
ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တပ်ဆင်ရေး လုပ်ငန်းများကို ဦးစီးကြပ်မတ်ဆောင်ရွက်ခဲ့သည့် Project Chief Engineer အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ်လုပ်မှုအဆင့်ဆင့်ပြကွက်များနှင့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲမှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများ ကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောတို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံနှင့် ချည်ဆေးဆိုး အလုပ်ရုံများအတွင်း ချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် ဝတ်စုံများကို ချုပ်လုပ်ပေးလျက်ရှိသကဲ့သို့ ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံး ချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ဝတ်ရေးကို ပိုမိုအထောက်အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိချိန်တွင် ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့ တည်ဆောက်နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခုအထိ ထုတ်လုပ်ဖြည့်ဆည်း ပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်






