မြန်မာနိုင်ငံတွင် သမဝါယမစနစ် အခြေတည်ခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ပြည့်ခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့သမဝါယမလှုပ်ရှားမှုသည် နှစ်ပေါင်း ၁၂၀ သက်တမ်းကာလအတွင်း ခေတ်အပြောင်းအလဲများနှင့် တွေ့ကြုံခဲ့ရသလို လူသားတို့နည်းတူပင် လောကဓံတရားတို့နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဗဟိုဦးစီးစနစ်ကျင့်သုံးသည့်ခေတ်တွင် အထက်က ချမှတ်ပေးသည့် မူဝါဒအရဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းများ၏ မအောင်မြင်မှုများမှာ နှောင်းခေတ်များတွင် လူပြောစရာများဖြစ်ခဲ့သည်။ သမဝါယမစိတ်ဓာတ်ကင်းမဲ့ခြင်း၊ စီမံခန့်ခွဲမှုများ အားနည်းခြင်းနှင့် ပါဝင်လှုပ်ရှားသူအချို့ အကျင့်ပျက်ခြစားခြင်း တို့ကြောင့် သမဝါယမ၏ ပုံရိပ်ထိခိုက်ခဲ့ရသည်။ သမဝါယမစနစ်အပေါ် အထင်အမြင်လွဲခံရသည်။

 

စင်စစ်အားဖြင့် သမဝါယမစနစ်သည် မြန်မာ့ယဉ်ကျေးမှုနှင့် မစိမ်းဟုဆိုနိုင်သည်။ မျက်မှောက်ကာလတိုင်အောင် ကျေးလက်ဒေသများတွင် စုပေါင်းထည့်ဝင်၊ စုပေါင်းလုပ်ကိုင်၊ ဝေမျှခံစားကြသည့် ရပ်ဓလေ့၊ ရွာဓလေ့များ ကျန်ရှိနေသေးရာ ကောင်းမြတ်သည့် မြန်မာ့စိတ်ရင်း ရေခံမြေခံတွင် မှန်ကန်သည့် သမဝါယမစနစ်မှာ အောင်မြင်ရမည်သာဖြစ်သည်။ သမဝါယမသည် တစ်ဦးတည်းနှင့် မအောင်မြင်နိုင်သည့်ကိစ္စ၊ တစ်ယောက်တည်း နှင့် မရနိုင်သည့်အရာကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရယူခြင်းဖြစ်သည်။ အများအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အများဆိုသလို စိတ်တူသဘောတူ ပူးပေါင်းဆောင်ရွက်ကြရာတွင် စေတနာဆန္ဒထက်သန်ကြရန်လိုသည်။ အတ္တနှင့်ပရ မျှတသည့်စိတ်ထား တစ်သားတည်းရှိကြရန်လည်း လိုသည်။

 

သမဝါယမအသင်းဆိုသည်မှာ အသင်းဝင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ အသင်းသားတစ်ဦးချင်းစီ၏ စိတ်ဓာတ်မြင့်မားရန်၊ သမဝါယမစိတ်ဓာတ်ထက်သန်ကြရန် ပညာပေးမြှင့်တင် ရမည်ဖြစ်သလို အောင်မြင်သည့် အသင်းတစ်သင်းဖြစ်လာစေရန်၊ အသင်းသားတို့၏ အကျိုးစီးပွားကို သိသိသာသာ ဖော်ဆောင်ပေးနိုင်သည့် အသင်း ဖြစ်လာစေရန်လည်း နည်းပေးလမ်းပြ ထိန်းကျောင်းပေးရမည်လည်း ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဟူသည့် ကဏ္ဍများအလိုက် ဖွဲ့စည်းလုပ်ကိုင်နေသည့် သမဝါယမ အသင်းပေါင်း ၃၉၀၀၀ ကျော် ရှိနေသည်။ အများစုမှာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမများဖြစ်ရာ စိုက်ပျိုးမွေးမြူအခြေခံကုန်ချောထုတ်လုပ်ရေး လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး MSMEလုပ်ငန်းများတွင် သမဝါယမစနစ်ဖြင့် ဝင်ရောက်လုပ်ကိုင် ရန် ကဏ္ဍများစွာရှိနေသည်။

 

လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ နှစ် (၁၂၀) ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ယခုနှစ် နှစ်ပတ်လည် နေ့၏ ဆောင်ပုဒ်မှာ “လူမှုစီးပွားဘဝဖွံ့ဖြိုးရေး သမဝါယမက ဆောင်ရွက်ပေး” ဟူ၍ဖြစ်ရာ ပြည်သူလူထုအတွင်း သမဝါယမစိတ်ဓာတ်နှင့် သမဝါယမလှုပ်ရှားမှုဆိုင်ရာ အသိပညာတို့ မှန်ကန်စွာပြန့်ပွားစေရန်နှင့် သမဝါယမအသင်းများကို မိမိတို့ဆန္ဒ အလျောက် စိတ်တူသဘောတူ ဖွဲ့စည်းလာကြရန်လိုသည်။ သမဝါယမအသင်းများ ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာမည်ဖြစ်သလို ပြည်သူလူထု၏ လူမှုစီးပွားဘဝများကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။

 

မျက်မှောက်ကာလ သမဝါယမများသည် ခေတ်နှင့်အညီ ခေတ်မီသော၊ ဒီမိုကရေစီနှင့်ကိုက်ညီသော သမဝါယမများဖြစ်သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ သမဝါယမ ဦးစီးဌာနသည် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးပညာပေးခြင်း၊ တည့်မတ်ပြုပြင်ပေး ခြင်းတို့ကို သမဝါယမဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သမဝါယမစိတ်ဓာတ်၊ သမဝါယမစနစ်ဖြင့် စီးပွားရေးလောကထဲသို့ ဝင်ရောက်လှုပ်ရှား လုပ်ကိုင်လိုကြသည့် စိတ်တူ၊ သဘောတူ၊ ဆန္ဒတူသူများ စုပေါင်း ၍ သမဝါယမအသင်းများ တည်ထောင်ကာ အတ္တပရ နှစ်ဖြာသော အကျိုးတို့ကို သယ်ပိုးဆောင်ရွက်နိုင်ကြရေး နှိုးဆော်တိုက်တွန်း လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း