မျက်မှောက်ကာလသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖြစ်ပေါ်လာသော အခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူ ဆောင်ရွက်နေသော အရေးပေါ်ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အဆင့်ဆင့်ချမှတ်ဆောင်ရွက် ခဲ့ရာ လက်ရှိတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးတို့အတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံရေးရည်မှန်းချက်(၂)ရပ် နှင့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်တို့ကို အထူးအလေးထားပြီး အကောင်အထည် ဖော်လျက်ရှိသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ပါအတိုင်း ကဏ္ဍအလိုက် ဟန်ချက်ညီညီ ရှေ့ဆက်ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ အကြောင်းကြောင်းကြောင့် ကျန်ရှိနေသည့်ဒေသများကို ဆက်လက်ကောက်ယူလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏တာဝန်ကို ဆောင်ရွက်လျက်ရှိရာ၌ ပြည်သူလူထု၏ လိုအပ်ချက်များကို အလေးထား အကောင်အထည်ဖော်ရာတွင် လူတိုင်းအသက်ရှင်သန်ရပ်တည်ရေးအတွက် စားဝတ်နေရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက် (၂) ရပ်အဖြစ် ချမှတ်ထားပြီး စိုက်ပျိုးရေးတွင် ဒေသနှင့်ကိုက်ညီသောထုတ်ကုန်များ ထွက်ရှိလာစေရေး၊ နိုင်ငံသားတိုင်း အကျိုးရှိစေမည့် မွေးမြူရေးလုပ်ငန်းများအောင်မြင်အောင် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ရေးတို့အတွက် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေများကို ခွင့်ပြုပေးထားသည်။
ယခုအခါ အဆိုပါမတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ သမဝါယမ အသင်းများနှင့် စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ ခွဲဝေပေးထားပြီး အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို မြှင့်တင်ပေးခြင်းသည် လူဦးရေအများစုဖြစ်သော ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ အဓိကထုတ်ကုန်လုပ်ငန်းများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးနေခြင်းသည် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများအပေါ်ထားရှိသည့် နိုင်ငံတော်၏ စေတနာနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်များ တိုးပွားရှင်သန်စေရန်ဖြစ်သည်။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန် နှင့်ပြည့်စုံသည့် လူ့ဘောင် အသိုက်အဝန်း ဖြစ်ထွန်းလာစေရေးအတွက် ပညာရေးတွင် KG+9 အထိ မသင်မနေရသတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေ ရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ် ကူးပြောင်းနှုန်းမြင့်မားရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသော အရည်အချင်းပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာရေးအတွက် အတတ်ပညာ ပြည့်ဝရေးသည် အဓိကကျသလို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆ မှန်ကန်ရေးသည်လည်း မရှိမဖြစ်လိုအပ်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတရှာမှီးနိုင်ရန် နိုင်ငံတော်က အလေးထား ဖော်ဆောင်ပေးလျက်ရှိသည်။
ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးတွင် အခြေခံကျသည့် အုတ်မြစ်သည် တရားမျှတပြီး သိက္ခာရှိသော နည်းလမ်းကျန မှန်ကန်မှုရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးဖြစ်သည်။ သို့ဖြစ်ရာ မျှော်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်၍ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူအားလုံးတို့က နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လေးစားစွာ တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ