မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ရွာသစ်၊ ကိုးတောင့်၊ ချင်းတောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် ဆောင်း မြေပဲကို စိုက်ဧက ၁၀၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

မြေပဲသီးနှံကို ဒီဇင်ဘာလဆန်းမှ စတင်စိုက်ပျိုးပြီး မတ်လတွင် တူးဖော်ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆန် (ဖြူ) S1 အတောင့်သေးမျိုးကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုး၍ မြေပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၁၅၂၀၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့် စိုက်ပျိုးရကြောင်း၊ ယခုနှစ်တွင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် မြေပဲတစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲတစ်ဧကလျှင် ငွေကျပ် ခုနစ်သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တင်း ၄၀ မှ ၅၅ တင်းအထိ ထွက်ရှိကြောင်း၊ ယခင်နှစ်က မြေပဲတောင့် (အခြောက်)တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀-၃၂၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီစက် လုပ်ငန်းများအပြင် ချောက်မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ဒီဇင်ဘာလဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း များအနေဖြင့် မြေပဲတောင့် (အခြောက်) တစ်တင်းလျှင် ငွေကျပ် ၄၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး တောင်သူများအနေဖြင့် ဆီထွက်သီးနှံမြေပဲကို မိသားစု စားသုံးဆီဖူလုံမှု ရရှိသည့်အပြင် အကျိုးအမြတ် ရရှိခြင်းကြောင့် နှစ်စဉ် တိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

 

DOCA(မကွေး)