၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

 

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၇ နာရီ ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်၊၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်သည်။

 

နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

Credit>မိုးဇလ