မကွေး ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ (ကျွန်း) စားတော်ပဲကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်က စားတော်ပဲ စိုက်ဧက ၁၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက ၁၅၀၀ ခန့်ထိ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
(ကျွန်း) စားတော်ပဲသီးနှံကို နိုဝင်ဘာလ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ရိတ်သိမ်းရကြောင်း၊ စားတော်ပဲကို ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးသန့်စိုက်ပျိုးကြပြီး သီးညှပ်စိုက်ပျိုးမှုလည်းရှိကြောင်း၊ မျိုးအနေဖြင့် စားတော်ပဲ တစ်ဧကလျှင် မျိုးစေ့နှစ်တင်းကျော်ခန့် ကုန်ကျပြီး ကြဲပက်စနစ် ဖြင့်စိုက်ပျိုးသည်။ စားတော်ပဲသီးနှံသည် ရေလိုအပ်သော သီးနှံဖြစ်၍ အထွက်နှုန်းကောင်းမွန်ရန် မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ အလုပ်သမား အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် စားတော်ပဲ ၁၀-၁၅ တင်းခန့် ထွက်ရှိပြီး စားတော်ပဲ တစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ငွေ ကျပ် ၁၅၀၀၀၀၀ ခန့် အမြတ်ရရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ဒုတိယပတ်၌ စားတော်ပဲတစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် စားတော်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ခိုင်မာမှုရှိသောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် စိုက်ပျိုးကြောင်း သိရသည်။
စီးပွား/ကူးသန်း