ရန်ကုန်၊ ဒီဇင်ဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် တတိယအကြိမ် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (the Third China- Indian Ocean Region Forum on Blue Economy Development Cooperation) ကို တက်ရောက်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ဥက္ကဋ္ဌ H.E. Mr Luo Zhaohui က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများနှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ (Memorandum of Understanding between the Ministry of Investment and Foreign Economic Relations of Myanmar and China International Development Cooperation Agency on Promoting the Project of Photovoltaic Power Plants) ကို ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ဥက္ကဋ္ဌတို့အကြား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အစိုးရ - ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ (International Government- Business Dialogue) သို့ တက်ရောက်ရာ ဆွေးနွေးပွဲတွင် သမုဒ္ဒရာဆိုင်ရာ အခြေခံအဆောက်အဉီ ချိတ်ဆက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ အပြာရောင်စီးပွားရေးအတွက် ဒီဂျစ်တယ်ကဏ္ဍမြှင့်တင်ရေး၊ ယဥ်ကျေးမှုဖလှယ်ခြင်းဖြင့် အဏ္ဏဝါခရီးသွားလုပ်ငန်း မြှင့်တင်ရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြပြီး ဖိုရမ်သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအတွက် တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။
ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဖိုရမ်သို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးအပါအဝင် နိုင်ငံအသီးသီးမှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဝမ်ရုံ ဦးဆောင်သည့် တရုတ်နိုင်ငံအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များအကြား တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဆက်လက်၍ အပြာရောင် အိန္ဒိယသမုဒ္ဒရာ၏ အနာဂါတ်အလားအလာ- ကမ္ဘာ့တောင်ခြမ်း၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လက်တွေ့လုပ်ငန်း (Future of the Blue Indian Ocean – Development Practice of the Global South) ခေါင်းစဥ်ဖြင့် ကျင်းပသည့် တတိယအကြိမ် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ အပြာရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော အဆင့်မြင့် ကိုယ်စားလှယ်များ၊ အိန္ဒိယသမုဒ္ဒရာ နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၄ ခု တို့မှ ကိုယ်စားလှယ် တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဥ်နှင့်စပ်လျဥ်းသည့် ကုလသမဂ္ဂ၏ သမုဒ္ဒရာ ဆယ်စုနှစ် (The Ocean Decade of United Nations in the Context of Global Development Initiative) ခေါင်းစဥ်ဖြင့် ကျင်းပသည့်ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သမုဒ္ဒရာ ရာသီဥတုအပြောင်းအလဲဆိုင်ရာ အုပ်ချုပ်မှုကို မြှင့်တင်ပေးခြင်းနှင့် ပါရီသဘော တူညီချက် အကောင်အထည်ဖော်ရေးတွင် ပါဝင်ကူညီပေးခြင်း (Promoting Ocean Climate Change Governance and Contributing to the Implementation of the Paris Agreement) ခေါင်းစဥ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တတိယအကြိမ် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်




