မန္တလေး၊ ဒီဇင်ဘာ ၁၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိပြီး မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသအား ဖူးမြော်၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကို မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ ကျောင်း၌ ကျင်းပသည့် ကွန်ပျူတာစာမူဖြင့် ပုံနှိပ်ထုတ်ဝေပြီးစီးသည့် အဋ္ဌကထာကျမ်းစာအုပ် (၁၅) အုပ်တို့ကို ပရိယတ္တိစာသင်တိုက်ကြီး (၅) တိုက်တို့မှ ဆရာတော်များအား ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ (၅) ပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဋ္ဌကထာကျမ်းစာအုပ်များ ကွန်ပျူတာစာစီမူဖြင့် ပုံနှိပ်ထုတ်ဝေရေး စီစဉ်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ယခုကဲ့သို့ ဆဋ္ဌသင်္ဂါယနာတင် ပိဋက ၃ ပုံ အဋ္ဌကထာ၊ ဋီကာတို့အား ခဲစာလုံးမူမှ ကွန်ပျူတာစာမူသို့ ပြောင်းလဲပုံနှိပ်ခြင်းသည် သာသနာတော်ကြီးနှင့် သံဃာတော် ရဟန်းရှင်လူများအတွက် များစွာကောင်းမွန်၍ အကျိုးသက်ရောက်မှုရှိပါကြောင်း၊ ပြီးဆုံးအောင်မြင်အောင်လည်း ဆက်လက်ဆောင်ရွက်သွားစေလိုပါကြောင်းမိန့်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးတို့က အကျိုးတော်ဆောင် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံ ဓမ္မစေတီ ကျမ်းစာအုပ်များနှင့် သင်္ကန်းစသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး မဟာဓမ္မိကာ ရာမတိုက် မိတ္ထီလာကျောင်း ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယထံသို့ အဋ္ဌကထာ ကျမ်းစာအုပ် (၁၅) အုပ်နှင့် ပရိက္ခရာတို့ကို လှူဒါန်းကာ နံ့သာမြိုင် ဗိုလ်ကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသထံ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


