နေပြည်တော် ဒီဇင်ဘာ ၁၇
ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် လက်ရှိပြည်ပပို့ကုန်ကိုနှစ်ဆတိုးမြှင့်ပို့နိုင်ရေးကို လမ်းညွှန်မှုပြုထားကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီမှ နိုဝင်ဘာအထိ ပို့ကုန်လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ကျန်ကာလအတွင်း လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့်အပြင် ပို့ကုန် နှစ်ဆ တိုးမြှင့်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ တိုးတက်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိက စိုက်ပျိုးထွက်ရှိသည့် ဒေသထွက် သီးနှံများ One Region One Product – OROP အလိုက် ထုတ်လုပ်တင်ပို့နိုင်ရေးသည် အဓိက ကျပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ပို့ကုန်ကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပို့ကုန်တင်ပို့နိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်


