လက်ျာ
ဇလဗေဒဆိုသည်မှာ မိုးလေဝသနှင့် ရာသီဥတုတို့ကို ကြိုတင်ခန့်မှန်းနိုင်ရန် လေ့လာခြင်း၊ တွက်ချက်ခြင်းတို့ ပြုလုပ်ရသော ဘာသာရပ်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဇလဗေဒ၏အဓိပ္ပာယ်ကို အလုပ် မဝင်ခင်အထိ ဘာမှန်းမသိခဲ့။ ကျောင်းတွင်လည်း မသင်ခဲ့ရ၊ ပြင်ပ၌လည်း မကြားစဖူး၊ လုပ်ငန်းခွင် ကျမှ သေသေချာချာ သိနားလည်လာရခြင်းဖြစ်၏။
သူက မိုးလေဝသဌာနတစ်ခုမှာ အလုပ်လုပ်သည်။ ဘာမျှနားမလည်ဘဲ အစိမ်းသက်သက် ဝင်ရောက် လုပ်ကိုင်ခဲ့သည်တော့မဟုတ်။ အလုပ်မရခင် သင်တန်းအရင်တက်ခဲ့ရသေးသည်။ မိုးလေဝသနှင့်ဆိုင်သော အချက်အလက်များကို စစ်တမ်းကောက်ယူခြင်း၊ လေ့လာသုံးသပ်ခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို အကျွမ်းဝင်လာတော့မှ လုပ်ငန်းခွင် ဝင်ရလေသည်။
သူသည် လူပျိုလူလွတ်ဖြစ်၍ မိဘနှင့်အတူနေသူမို့ ဘတ်စ်ကားနှင့် ရုံးတက်ရ၏။ သူနေသော မြို့သစ်မှ ဇလဗေဒဌာနသို့ ကားအကြာကြီးစီးရသည်။ ထိုအခါ လူပေါင်းစုံနှင့်ထိတွေ့ရသလို သဘာဝဝန်းကျင် မျိုးစုံကိုလည်း မြင်တွေ့ရလေသည်။
သူသည် သဘာဝကို ချစ်သူဖြစ်၏။ သဘာဝကျသော သဘာဝ၏အလှများကို တစိမ့်စိမ့်ကြည့်ရှု ခံစားနေတတ်ခြင်းကိုက သူ၏သဘာဝဖြစ်သည်။ လမ်းဘေးဝဲ၊ ယာရှိ ကောက်ပင်စိမ်းစိမ်းများ၊ အရေခွံခွာချလိုက်သော ယူကလစ်ပင်များမှစ၍ စိုစွတ်နေသောလမ်းပေါ်၌ တင်ကျန်ရစ်သည့် ရေအိုင်လေးများ၊ နှင်းများတွဲခိုနေသည့် မြက်တောများအထိ သူသဘောကျ၏။
ထို့ကြောင့်လည်း သဘာဝကို လေ့လာရသော ဇလဗေဒ၌ သူအာရုံဝင်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူ့ထံသို့ နေ့စဉ်သဘာဝ၏ အချက်အလက်များစွာ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာသည်။ ဌာနခွဲများမှ ပေးပို့လိုက်သော မြစ်ရေမှတ်တိုင်းတာခြင်း၊ ရေစီးထုထည်၊ သဲနုန်းထုထည် စီးဆင်းမှု တိုင်းတာချက်၊ မြစ်ရေအရည်အသွေး စသည်တို့ကို သူတို့က မှတ်တမ်းတင် တွက်ချက်ကြရသည်။
မိုးရေချိန်၊ လေတိုက်နှုန်း၊ ဘင်္ဂလားပင်လယ်အော် အခြေအနေစသည်တို့ကိုလည်း စောင့်ကြည့်လေ့လာ၍ ခန့်မှန်းချက် ထုတ်ပြန်ကြရ၏။ သို့သော် သူ့ထံရောက်ရှိလာသော သတင်းအချက်အလက်များမှာ ဌာနခွဲများမှပေးပို့ချက်ချည်းတော့ မဟုတ်ချေ။ နေ့စဉ် မြင်တွေ့နေရသော ပတ်ဝန်းကျင်ကလည်း မိုးလေဝသကို ခန့်မှန်းပေးတတ်၏။
စာကလေးများ အမိုးကြားသို့ တိုးဝင်အသိုက်ဆောက်နေကြပြီဆိုလျှင် မိုးကြီးရွာတော့မည်ဟု ရွာတွင်နေခဲ့စဉ်က မှတ်သားရဖူးသည်။ ယခု မြို့တွင်တော့ ပုရွက်ဆိတ်များတွင်းမှထွက်၍ အိမ်နံရံများ တစ်လျှောက် ဥများသယ်ကာ သွားလာနေကြပါက မိုးများမည်၊ ရေကြီးမည်ဟု သိနေကြပြီ။
ဘတ်စ်ကားစီးရင်း တွေ့ရသူတို့ကလည်း သူတို့ဘာသာ မိုးလေခန့်မှန်းနိုင်ကြပါပေသည်။ သူတို့ စကားများကို နားဆင်ကြည့်ပါဦး။
“စနေထောင့်မှာ မည်းနေတာပဲ၊ ညနေတော့ မိုးမိပါပြီ”
“မိုးသားတွေ ပွနေတာများ ဖွေးဖွေးလှုပ်လို့။ မိုးဖြူမစဲ မိုးမည်းမရွာဆိုတဲ့အတိုင်း ဒီနေ့တစ်နေ့ လုံး ချတော့မှာ”
“သားချေ.. ကြားလား၊ ရေဆုတ်သွားပြီဆို။ နင့်အဖေကို လှေမဆင်းခိုင်းနဲ့ဦးနော်။ အေး…. အေး… ကုန်းပေါ်တက်နေကြ... ကြားလား”
ဤသို့သော ဘာသာဘာဝ ခန့်မှန်းချက်များကို နေ့စဉ်လိုလို ကြားနေရတတ်၍သူပြုံးမိသည်။ တိရစ္ဆာန်များလောက် အားမကောင်းသော်ငြား လူတို့တွင်လည်း မိုးလေဝသကို ကြိုတင်အာရုံခံနိုင်သော အသိရှိကြပေ၏။ တစ်ခါတစ်ရံ ခရီးသည်များသည် သူတို့ဌာနမှ ထုတ်ပြန်ချက်များအပေါ် ဆွေးနွေးပြောဆို အသိပေးကြသည်လည်းရှိ၏။
“ဟဲ့.. နင် ကြားပြီးပြီလား။ ၂၁ ရက်ကနေ ၂၅ ရက်အထိ မုန်တိုင်းရှိတယ်တဲ့”
“အင်း.. ကြားတယ်၊ တို့ဆီက အဖျားခတ်ရုံပါ။ ရခိုင်နဲ့ ဧရာဝတီဘက် ဝင်မယ်ပြောတာပဲ”
“အတွင်းထဲထိ မဝင်လောက်ပါဘူး။ အနောက်မြောက်ဘက်ကို ရွေ့လျားနေတာဆိုတော့။ မိုးတော့များဦးမှာပဲနော်”
“တို့ရွာတွေ မိုးမျှော်နေတာ တစ်ပေါက်တောင် မကျသေးဘူး။ မုန်တိုင်းရှိမှပဲ သီးနှံတွေ မပစ်ရမှာ”
ဟုတ်ပေ၏။ မြန်မာနိုင်ငံမှ တောင်သူအများစုသည် မိုးနှင့် အလုပ်လုပ်ကြရသည်။ မိုးရာသီကိုချိန်၍ သီးနှံစိုက်ပျိုးကြ၏။ ရွာသင့်ချိန်မရွာလျှင် သောကရောက်ကြရသလို အလွန်အကျွံ မိုးကြီးလျှင်လည်း စိုက်ခင်းများ ရေမြုပ်သွားတတ်ပြန်၏။ သူတို့အဖို့ မိုးလေဝသသတင်းသည် အခြားသော ပြည်သူများထက် အပြောများသော၊ စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာမျိုး ဖြစ်လေသည်။
သူတို့သာလော၊ မဟုတ်ပါ။ ရေလုပ်ငန်းနှင့် အသက်မွေးကြသည့် တံငါ၊ ငါးဖမ်းလှေ၊ လှေသမား၊ သင်္ဘောသားတို့သည်လည်း မိုးလေဝသသတင်းကိုမပြတ် နားစိုက်နေကြရသည်သာ။ သူတို့အတွက် ပို၍ပင် အရေးကြီးသေးသည်။ မြစ်ရေကြီးမည်၊ ရေနည်းမည်၊ ပင်လယ်ပြင်၌ လှိုင်းထန်မည် သို့မဟုတ် မုန်တိုင်းရှိသည်ဟူသော သတင်းများ သည် အသက်နှင့်အမျှ အဖိုးတန်သည် မဟုတ် ပါလား။
ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒဝန်ထမ်းများအဖို့ အချိန်မှန် သတင်းမှန်ထုတ်ပြန်နိုင်ရန် လိုအပ်သလို ထူးခြားသတင်းများကိုလည်း တိကျသည်ထက်တိကျအောင် ခန့်မှန်းနိုင်ရန် အရေးကြီး၏။ သဘာဝဘေးနှင့် ဆိုင်သောအခါ သူတို့ပို၍ ဝါယမစိုက်ကြရသည်။ လူ့အသက်ပေါင်းများစွာကို ကယ်တင်နေသည့် သူရဲကောင်းကြီးများအလား ကြိုးစားကြရလေသည်။
သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ကြားရလျှင် စိတ်မကောင်းဖြစ်မိသော်လည်း သဘာဝကို သူအပြစ်မမြင်ပါ။ သဘာဝဘေးမှာ လူတို့၏ ပေါ့ဆမှုနှင့် မထီမဲ့မြင်မှုများ ပါနေသောကြောင့်ဖြစ်သည်။ သို့ရာတွင် လူတွေကိုလည်း အပြစ်မတင်လို၊ တစ်ဝမ်းတစ်ခါးစာမက ရုန်းကန် နေကြရသူများအဖို့ သဘာဝကို အထူးတလည် ထိန်းသိမ်းပြုပြင်နေရလောက်အောင် မတတ်နိုင်ကြသည်ကို မျက်မြင်တွေ့ထိ ကြားသိနေရသည်ပဲ။
သူတို့၏ တာဝန်အရ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည် နံပါတ် ( ၁ ) အရေးအကြီးဆုံး ရည်ရွယ်ချက်ဖြစ်၏။ မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးစသည်တို့ကြောင့် ပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် အတတ်နိုင်ဆုံးကြိုးစား ရသကဲ့သို့ ခရီးသွားလာခြင်းနှင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရန်လည်း ဂရုပြုရ၏။
ယခုလို မိုးရာသီတွင် မုန်တိုင်းဝင်ခြင်း၊ ဒီရေ ဝင်ရောက်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် အလုပ်ပိုများ လေ့ရှိ၏။ ထို့ကြောင့် နံနက်စောစော အိမ်မှထွက်ကာ ကားစီးရန် မှတ်တိုင်ရောက်နေသည့် သူသည်ကားစောင့်ရင်း ရွာသို့ဖုန်းဆက်ရာ သံရှည်မြည်သံ အဆုံး၌ ကြားနေကျ ဘိုးလေးတင့်၏ အသံကိုကြားရ လေသည်။
“ဟလို၊ ဘိုးလေးလား… ဘာတွေ အလုပ်ရှုပ်နေတုန်း”
“ဟေ ငါ့မြေး၊ ခုပဲ ဆက်တော့မလို့။ မင့်အဘွားကတောင် ပြောနေတာ။ ရွာကလူတွေကလည်း မေးလှပြီ။ ပျိုးတွေလုပ်နေရတော့ ဒီဘက်မလှည့် အားဘူးကွယ်”
“ဟုတ်လား၊ စိုက်ကြတော့မှာလား”
“မြေးကို မမေးဘဲ မစိုက်ပါဘူး။ စိုက်ပြီးမှ မိုးမကျရင် အလကားဖြစ်ကုန်မှာပေါ့ကွယ့်”
“မိုးက ဘိုးလေးတို့ဆီမှာ တစ်ရက် နှစ်ရက် အတွင်းတော့ မရွာသေးဘူး။ နောက်တစ်ပတ်ထဲမှ ရွာလိမ့်မယ် ဘိုးလေးရေ”
“အေး အေး… တို့လည်း ဒီလို ထင်တာပဲကော။ ဒါပေမဲ့ သေချာအောင် မင်းဆီကသတင်း စောင့်ရသေး တယ်လေ။ နောက်တစ်ပတ်မှ မရွာရင်တော့ ပျိုးပင်တွေ ခြောက်ဖို့။ တို့တော့ ဒီစနေ စစိုက်မယ် မှန်းတာပဲ”
“တနင်္လာလောက်မှ စိုက်ပါလား ဘိုးလေးရဲ့။ ထားလို့ မရဘူးလား”
“အဲဒီနေ့ လူရမှ ရပါ့မလား။ တခြားသူတွေနဲ့ အပြိုင်ဖြစ်နေရင် လုပ်သားမရဘူး ငါ့မြေး”
ဖုန်းစပီကာဖွင့်ထားပုံရသည်။ အဘွား၏ အသံကို အနောက်မှကြားရ၏။
“အို… ကိုလေးတင့်၊ စနေ တနင်္ဂနွေမှာ အားလုံးစိုက်ကြမှာကို။ တနင်္လာမှဆို လူတောင်ရှင်းသေး။ ရတယ်ပြောလိုက်”
“အေး… အေး၊ အေးပါကွာ။ ကြားထဲ ငါ ရေဖျန်းထားရမှာပေါ့”
သို့နှင့် အနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။ ထို့နောက် တစ်ကိုယ်တည်းပြုံးမိပြန်သည်။ သူ့အဘိုးအဘွားများသည် ဦးလေးများနှင့်အတူ ရွာမှာပဲလယ်ယာလုပ်ငန်း လုပ်ကိုင်ကြဆဲဖြစ်၏။ ဘိုးလေးတို့သည် တောင်သူလယ်သမားများထဲ၌ နှစ်တိုင်းလိုလို အထွက်အကောင်းဆုံး၊ သီးနှံအရဆုံး နာမည်ကျော်များပင်။
ထိုသို့ ရသည်မှာလည်း လုပ်ငန်းကျွမ်းကျင်၍ စည်းစနစ်တကျ လုပ်ကိုင်တတ်ခြင်းအပြင် မြေးဖြစ်သူ၏ အကူအညီများ ပါသည်ဟု တစ်ရွာလုံးက သတ်မှတ်ပြောဆိုလေ့ရှိကြ၏။ မြေးတစ်ယောက်လုံး မိုးလေဝသဌာနမှာ ရှိနေမှတော့ ရုပ်မြင်သံကြားနှင့် ရေဒီယိုများကို စောင့်နေစရာမလို၊ လိုအပ်လျှင် သတိပေးချက် ပို့လိမ့်မည်ဖြစ်ကြောင်း သိနေကြသည်။
သည်နှစ် မိုးနည်းမည်၊ မည်သည့် သီးနှံစိုက်သင့် သည်မှစ၍ မည်သည့်ရက် ခရီးမသွားနှင့်၊ မိုးများမည်၊ ကန်သင်းဖြိုထားသင့်ထား၊ ရေလွှဲကြောင်း ဖောက်တန်ဖောက်ဟု သူက မကြာခဏ ဖုန်းဆက်ပြောတတ်သဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်ရသည် ဆိုလျှင်မမှား။ နောက်ပိုင်းတွင် အချို့တောင်သူများသည် သူ့ဖုန်းစောင့်ပြီးမှ လုပ်ငန်းခွင်သို့ သွားကြသောဟူ၏။ သူက အမြဲမှန်သည် မဟုတ်သော်လည်း သေချာလောက်မှ ပြောတတ်၍ ရွာရှိရပ်ဆွေရပ်မျိုးများ၏အားထားရာ မိုးလေဝသသတင်းထုတ်ပြန်သူ ဖြစ်လာသည်။ သူမို့ရွာပြန်သွားလျှင် ကျေးဇူးရှင်ကြီးအလား ဟိုအိမ်ကခေါ် ဒီအိမ်ကပင့်နှင့် အိမ်တကာလည်ကာ ဧည့်သည်လိုက်လုပ်ရတတ်၏။ ဧည့်ခံကြရင်း သူတို့သိလိုသမျှ မေးလာကြသည်ကို ဖြေရသည်။
“မနှစ်က တို့လယ်တွေ ရေမြုပ်လိုက်တာကွယ်။ လေးလေးတင့်တို့ ပြောပါလျက်နဲ့ သူလေ… သူ၊ ပျင်းအားကြီးနေတာ။ အချိန်မီ လုပ်သင့်တာ မလုပ်တော့ ပျက်ကရော”
အိမ်ရှင် အဒေါ်ကြီးက ကော်ဖီနှင့် မုန့်များချရင်း အိမ်ထောင်ဦးစီးအား အပြစ်တင်သည်ကိုလည်း ဤသို့ ကြားရဖူး၏။
“ဪ… ဘယ်ထင်မတုန်းဟ။ အဲဒီတုန်းက မိုးမစွေဘဲ အုန်းဆိုရွာချသကိုး။ တော်တန်ရုံရွာပြီး ပြတ်မယ်ထင်တာပေါ့”
ထိုအခါ သူက မိုးလေသတင်းကို နားထောင်၍ အခါအားလျော်စွာ လုပ်သင့်လုပ်ထိုက်သည်တို့ လုပ်ပါက ပျက်စီးနိုင်ခြေနည်းပါးကြောင်း၊ သူတို့မိုးလေဝသသမားများသည် စိုက်ပျိုးရေးသမားများအတွက်လည်း ကြည့်ရှုသုံးသပ် တွက်ချက်ထုတ်ပြန်ပေးကြောင်း၊ ထို့ကြောင့် သတင်းမကြည့်ဖြစ်လျှင်တောင် ဘိုးလေးတင့်အိမ်ဝင်၍ စနည်းနာသင့် ကြောင်း ပြေလည်စွာပြောပြရသည်။
“အေးပါ… ငါလည်း နားဝေးတဲ့သူ မဟုတ်ပါဘူး။ မင်းအဒေါ်က မြည်တွန်တောက်တီးလွန်းတော့ ဟုန်ပြီး ယောင်နနဖြစ်သွားလို့ပါ”
“အမယ်လေး… ဖြစ်ရတယ် ကိုအောင်မြို့ရယ်၊ ဖြစ်ရတယ်။ ဒီလောက် ပြောနေတာတောင် မလှုပ် တာကို”
ရွာဓလေ့ကတော့ ထိုသို့ပင်။ အချို့က အေးလွန်း သည်။ အချို့က ဆူလွန်းသည်။ ယင်း မတူညီမှုများ သူ့ဟာနှင့်သူ သဟဇာတဖြစ်နေကြသည်ကပင် ပျော်စရာ။ ရွာရောက်တိုင်း သူ့မှာကြားစရာက အပြည့်။ ရွာဇာတ်လမ်းများကို နားထောင်ရသည် ကား မရိုးမအီနိုင်ပါချေ။
တစ်ခါတစ်ရံ ကတ်သီးကတ်သတ် အမေးမျိုးနှင့် လည်း ကြုံရတတ်ပြန်သည်။
“မင်းတို့အလုပ်ထဲမှာ ဗေဒင်ဆရာတွေရှိ မဟုတ်လားကွ၊ ကြုံတုန်း ကျန်းမာရေးညံ့နေတာ လေး မေးခဲ့စမ်းကွာ”
“ဘယ်က ဗေဒင်ဆရာရှိရမှာတုံး ဘကြီးရ၊ ကြံကြံဖန်ဖန်”
“နို့… ဘယ်သူက ရှေ့ဖြစ်တွေ ကြိုဟောနေ သတုံး”
“ဗျာ”
ယင်းသို့ ထင်သူများ ရှိသလို အချို့ကလည်း…
“မင်းတို့ မိုးလေဝသက လူတွေ လေပူဖောင်းကြီး တွေ စီးရမှာပေါ့”
“ဂြိုဟ်တုက ပုံတွေကြည့်ပြီး ပြောတာဆိုတော့ အဲဒီဂြိုဟ်တု မင်းတို့လွှတ်တင်ထားတာလား။ ဘယ်လောက်ကုန်သတုံး”
“ဟေ့… နေပါဦးကွ၊ ငါမရှင်းတာလေး မေးပါရစေဦး။ မင်းတို့ပြောတာ မိုးရေချိန်က နှစ်လက်မ၊ သုံး လက်မလောက်ပဲ ရွာပေမယ့် မြစ်ရေကျ ဘာလို့ ငါးပေ၊ ခြောက်ပေအထိ တက်ပစ်တာလဲဟ။ မိုးတစ်လက်မ ရွာရင် ရေဘယ်နှပေတက်ရမယ်လို့ ရှိလား”
ထိုအခါမျိုးတွင် သူခေါင်းကုတ်ကာ နားလည်လွယ်အောင် မည်သို့ရှင်းပြရမည်ကို အတော်စဉ်းစားရသည်။ မိုးရေက ခြင်ခွက်ကလေးနှင့် ခြင်တွယ်တိုင်းတာတာဖြစ်ကြောင်း၊ မြစ်ရေက မိုးရေချိန်ကြောင့် မဟုတ်ဘဲ မြောက်ဘက်မှ ရေခဲတောင်များ ပြိုလျှင်လည်း ရေကြီးနိုင်ကြောင်း၊ မြစ်အောက်ပိုင်း၌ မိုးမရွာလျှင်လည်း အထက်တွင် ရွာပါက တောင်ကျ ရေ၊ ချောင်းရေတို့မှ စီးဝင်သဖြင့် မြစ်ရေတိုးနိုင် ကြောင်းတို့ ရှင်းပြရသည်။
ဒါတောင်…
“ဆိုတော့ မိုးများရင် ရေကြီးမှာပဲပေါ့။ မင်းတို့ စာရင်းလုပ်ထားဖို့ကောင်းတယ်။ မိုး ဘယ်လောက်ရွာရင် ရေဘယ်လောက် တက်တယ်ဆိုပြီး မှတ်တမ်းလေး သွင်းထားတော့ နောင်နှစ်တွေ ကြည့်လို့ရတာပေါ့ဟ”ဟု အကြံပေးသွားသေးသည်။ သူရယ်လျက်သာနေလိုက်ရ၏။ သူတို့ဌာန၌ စခန်းအသီးသီးမှ ပေးပို့လိုက်သော မိုးရေချိန်၊ မြစ်ရေ၊ ငလျင် စသည်တို့ကို တိုင်းတာချက်များ နေ့စဉ်ရရှိ တွက်ချက်နေကြရသည်မဟုတ်လော။
သူသည်တွေးရင်း အဖြစ်အပျက်တစ်ခုကို အမှတ်ရလာ၏။ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာစဉ်ကဖြစ်သည်။ သူချစ်ရသူမှာ ပင်လယ်ကမ်းခြေ ရွာတစ်ရွာမှ မြို့ပေါ်သို့ အလုပ်နှင့်ရောက်နေသူတစ်ဦး။ သူကမုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းကြီး တစ်ခုဖြစ်လာရန် အလားအလာများနေသည်ကို သုံးသပ်မိသည်။
ထိုအကြောင်း သူ့ချစ်သူအား ပြောပြခဲ့မိ၏။ သူပြောတုန်းကတော့ ခပ်ပေါ့ပေါ့သဘော၊ မကြာခင် အဲဒီဘက်ကို မုန်တိုင်းဝင်လိမ့်မယ်သဲရေဆိုတာ မျိုးလောက်သာ။ သို့သော် ဝင်မှာသေချာလားဟု ပြန်မေးလာသောအခါ အနည်းဆုံးတော့ အဖျားခတ်မှာပဲ။ ကမ်းခြေဒေသတွေ သတိထားဖို့လိုမယ်ဟု ပြောလိုက်သည်။
ထို့နောက် သူ့ကောင်မလေး ရွာပြန်သွား၏။ ဖုန်းဖြင့် ပြောဆိုမရသော ဖခင်ဖြစ်သူအား တားရန်သွားကြောင်း နောက်မှသိရသည်။ ကံကောင်းထောက်မသဖြင့် ငါးဖမ်းလှေလိုက်တော့မည့် ဖခင်အား အချိန်မီ ဆွဲထားလိုက်နိုင်သည်။ ထို့နောက် သူတို့ရွာကို မုန်တိုင်းထိသွား၏။ အကယ်၍ မုန်တိုင်းငယ်လောက်ပဲဟု ပေါ့ဆစွာ ပင်လယ်ပြင်သို့ ထွက်ခဲ့ပါက မတွေးရဲစရာ။
မုန်တိုင်းဒဏ်ကြောင့် အိမ်အမိုးလန်သွားသော်လည်း သူ့ချစ်သူက သူ့ကိုကျေးဇူးအထူးတင်ကြောင်း ဆိုလာသည်။ သူသာ ကြိုတင်ခန့်မှန်းမိသည်ကို ထုတ်မပြောခဲ့ပါက ပင်လယ်ထဲ တစ်လကိုးသီတင်း ထွက်ရတတ်သော ဖခင်ဖြစ်သူအား ပြန်တွေ့ရန် မလွယ်ဟု ပြောရင်းသူ့ကို အားလုံးက ကျေးဇူးတင် နေကြသည်ဆို၏။
တစိမ့်စိမ့်ကျေနပ်၍မဆုံး
ရေလုပ်သားများမှာ မုန်တိုင်းသတင်း မကြားရသောကြောင့်လည်းကောင်း၊ ကြားသော်လည်း ပေါ့ဆသဖြင့်လည်းကောင်း အသက်ဆုံးရှုံးကြရသည်မှာ မနည်းတော့။ သူ၏ ကြိုတင်ခန့်မှန်းမှုနှင့် ချက်ချင်းသိစေမှုကြောင့် ချစ်သောသူ၏ မိသားစုအပါအဝင် ရေလုပ်သားအများ ဘေးလွတ်ကြောင်း ကြားလိုက်ရသောအခါ သူတစိမ့်စိမ့်ကျေနပ်၍ မဆုံးပြီ။
အကြောင်းတိုက်ဆိုင်တိုင်းလည်း တကူးတကကောင်းမှုပြုရသည်မဟုတ်ဘဲ လူ့အသက်များကို ကယ်ဆယ်နိုင်သော သမ္မာအာဇီဝအလုပ်တစ်ခုကို လုပ်မိခြင်းအတွက် ဂုဏ်ယူနေမိသည်။ ငယ်ငယ်က အားကျခဲ့ရသော Super Hero ကြီးများလို အစွမ်း သတ္တိမရှိသော်ငြား သူတို့နှင့်မခြား ကိုယ့်ကိုယ်ကိုယ် အားရမိ၏။
မွန်မြတ်သောအမှုကို နေ့စဉ်ပြုနေသည် ဟူသည့်စိတ်သည် သူ၏ခြေလှမ်းများကို ပေါ့ပါး တက်ကြွစေသည်။ အဆိုပါ ခြေလှမ်းတို့မှာ ပစ္စုပ္ပန် ကောင်းကျိုးအတွက် အနာဂတ်သို့ ကြိုတင်လှမ်းလင့်သော ခြေလှမ်းများဟု ယုံကြည်လေသည်။ သူသည် နိစ္စဓူဝလုပ်ငန်းခွင်ကိုပင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဟု သူ့ဘာသာ ခံယူကာ ဇလဗေဒဌာနထဲ မတ်မတ်ကြီး ဝင်သွားလေတော့သည်။