၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးဖုန်းကျော်ဦး
စားပွဲတင်တင်းနစ်အသင်းနည်းပြ၊ မွန်ပြည်နယ်ကိုယ်စားပြု
ကျွန်တော်တို့ မွန်ပြည်နယ် ကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းအနေနဲ့ ဒီပြိုင်ပွဲဝင်ဖို့ နှစ်လ ကျော်ကျော်လောက် စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အခု ပြိုင်ပွဲမှာ မွန်ပြည်နယ်က ဝင်ပြိုင်တဲ့ စားပွဲတင် တင်းနစ်ပြိုင်ပွဲဝင်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲအတွေ့အကြုံရှိတဲ့ ကစားသမားသုံးယောက်ပဲပါပြီး ကျန်တဲ့ ကစားသမားတွေကတော့ အခုပွဲမှ စတင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ် ကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းအနေနဲ့ ၂၀၂၂ ခုနှစ်က တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် အားကစားပြိုင်ပွဲ အသင်းလိုက် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲမှာ ဆုတံဆိပ်တွေရခဲ့ပါတယ်။ မွန်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင် အရေအတွက်ကတော့ အမျိုးသား ငါးယောက်၊ အမျိုးသမီးလေးယောက် ပေါင်း ကိုးယောက်နဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတိုင်းကတော့ ကောင်းကြပါတယ်။ အနိုင်အရှုံးရလဒ်ကတော့ ကြိုးစားမှုအပြင် ကံကြမ္မာလည်းပါပါတယ်။ ကစားသမားတွေက လက်ရည်ကောင်းတယ်။ ယှဉ်ပြိုင်ရတဲ့ပွဲကနည်းနေလို့ ကစားသမားတွေအတွက် အခက်တွေ့နေတာ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်းထက် ပုံမှန်လေး လေ့ကျင့်နေမှ ဘောလုံးနဲ့ အမြဲတမ်းထိတွေ့နေမှ ကစား သမားကောင်းတစ်ဦး ဖြစ်လာမှာပါ။ ဒါကြောင့် ကစားသမားကောင်း တစ်ဦးဖြစ်ဖို့ လေ့ကျင့်မှုတွေ လိုအပ်သလို ပြိုင်ပွဲတွေရှိမှလည်း လေ့ကျင့်မှုက ထိရောက်မှုရှိတာကြောင့် ပြိုင်ပွဲတွေရှိဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။
ကိုနီလန်း
ဘိလိယက်/စနူကာအားကစားပြိုင်ပွဲဝင်၊ ကချင်ပြည်နယ်ကိုယ်စားပြု
ကျွန်တော့်အတွက် နိုင်ငံတော်အဆင့်ကျင်းပတဲ့ အမျိုးသား အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်တာ ပထမဆုံးပွဲဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်က မြစ်ကြီးနားမှာ ပြိုင်ပွဲတစ်ပွဲပြိုင်ခဲ့တုန်းကလည်း ဆုတစ်ခု ရခဲ့ပါသေးတယ်။ အခုအမျိုးသား အားကစားပြိုင်ပွဲမှာတော့ စနူကာ ၁၅ လုံးနှစ်ယောက် တွဲယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ခွင့်ရတာ အလွန်ပဲဂုဏ်ယူမိပါတယ်။ ပထမဆုံးပွဲမှာ ဒီလောက်ထိ ထိုးနိုင်တာ တော်သေးတယ်။ ဒါမျိုးပြိုင်ပွဲတွေ များများလုပ်ပေးလေ ကျွန်တော်တို့ ကစားသမားတွေ ပိုထွက်လာလေဖြစ်တာကြောင့် ပွဲတွေကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ ဘိလိယက်နဲ့ စနူကာအားကစားက လွယ်လွယ်လေးနဲ့ထိုးလို့မရဘူး။ သေချာစခန်းသွင်းလေ့ကျင့်ပြီးမှ ဆရာတွေ ကောင်းကောင်းနဲ့ လေ့ကျင့်မှ ပြိုင်ပွဲ ဝင်နိုင်တာပါ။ အဲဒါတောင် အချိန်အများကြီးပေးရတဲ့ အားကစား လည်းဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီပြိုင်ပွဲဖို့ မြစ်ကြီးနားမှာ သုံးလလောက် အပြင်းအထန်လေ့ကျင့်ခဲ့ရတယ်။ အုပ်စုလည်းချောင်လို့ ဒီအဆင့်ထိရောက်ခဲ့ တာပါ။ ရခိုင်၊ ပဲခူး စတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
ကိုအေမီလွင်
အလေးမအားကစားနည်းပြ၊ ရှမ်းပြည်နယ်ကိုယ်စားပြု
အခု ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်မှာ ရှမ်းပြည်နယ်ကိုယ်စားပြု အလေးမအားကစား အသင်းအနေနဲ့ အောင်မြင်မှုရရှိဖို့အတွက် အလေးမအားကစားသမားတွေကို သုံးလလောက် စခန်းသွင်း လေ့ကျင့်ခဲ့ပါတယ်။ အလေးမပြိုင်ပွဲမှာ အမျိုးသား အလေးမအားကစားသမား ငါးယောက်၊ အမျိုးသမီးကစားသမားနှစ်ယောက်နဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကစား သမားတွေက လူငယ်လက်ရွေးစင် အားကာ/သိပ္ပံကျောင်းက ကစား သမားတွေ၊ ကစားသမားဟောင်းတွေဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ရှမ်းပြည်နယ် အလေးမအသင်းအနေနဲ့ ရွှေတံဆိပ်တစ်ခုပဲရပါတယ်။ ပြိုင်ပွဲဝင်အဆင့်ကတော့ နံပါတ်(၄)၊ နံပါတ်(၆) ဝင်ပါတယ်။ ရွှေတံဆိပ်ဆုကတော့ အမျိုးသားအလေးမပြိုင်ပွဲ ၈၁ ကီလိုတန်းက နေရခဲ့တာ ဖြစ်ပါတယ်။ အခုရွှေရတဲ့ ကစားသမားက ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲမှာလည်း ရှမ်းပြည်နယ်ကိုယ်စားပြု ရွှေတံဆိပ်ဆုရခဲ့ပါသေးတယ်။ ပြိုင်ပွဲကျင်းပ ပေးတဲ့အတွက် ကျွန်တော်တို့ Youth Camp အနေနဲ့လည်း ကစားသမားရွေးချယ်လို့ရတယ်။ ကစားသမားတွေရဲ့စိတ်ဓာတ်တွေ လည်း တက်ကြွလာမှာဖြစ်ပါတယ်။
မောင်ရထိုက်ဝေ
အမျိုးသားဘော်လီဘောပြိုင်ပွဲဝင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု
ဒီနေ့ ယှဉ်ပြိုင်ခဲ့တဲ့ ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးကိုနိုင်ခဲ့လို့ နောက်ဆုံးဗိုလ်လုပွဲမှာ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနဲ့ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။ ဒီဘော်လီဘောအားကစားကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးကတည်းက စကစား ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအတွေ့အကြုံကတော့ လက်ရွေးစင်ကစား သမားတစ်ယောက်ဖြစ်တာကြောင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ကစားဖူးပါတယ်။ ဆီးဂိမ်းမှာတော့ အဆင့် (၅)၊ အဆင့် (၆) လောက် ပဲရပါတယ်။ ဆုတံဆိပ်တော့ မရဖူးသေးပါဘူး။ အခုပြိုင်ပွဲမှာ အခြားဝန်ကြီးဌာန အသင်းတွေကလည်း တော်တော်လေး ပြင်ဆင်လာတာတွေ့ရတယ်။
မဇင်ဝေအောင်
အမျိုးသမီးဝူရှူး(ဆန်းဆို)ပြိုင်ပွဲဝင်၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
အခု အမျိုးသားအားကစား ပွဲတော်မှာ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ဝင်ပြိုင်ဖို့ ခြောက်လလောက်ကြာကတည်းက ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အရင်က မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ဝူရှူး အားကစားသမားအနေနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ အားကစားလုပ်ရတာကို ငယ်ငယ် လေးကတည်းက ဝါသနာပါခဲ့တာ ကြောင့် အခုဝူရှူးအားကစားကို သင်ယူလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဝူးရှူးအားကစားနည်းကို ဆက်ပြီး လေ့လာသွားဦးမှာပါ။ အများကြီးလည်း ကြိုးစားသွားမှာပါ။ အခုလိုပြိုင်ပွဲတွေ နှစ်တိုင်း ကျင်းပပေးနိုင်ရင်တော့ ကစားသမားတွေအတွက် လေ့ကျင့်ပြီးသားဖြစ်တာပေါ့။ ကျင်းပပေး တာကိုလည်း ကျေးဇူးတင်ပါတယ်။ အားကစားအဆင့်အတန်း မြင့်မားဖို့ဆိုရင်တော့ အားကစား ပြိုင်ပွဲရှိမှ ဖြစ်မှာပါ။
ဦးကျော်သီဟ
ဝူရှူးအားကစားနည်းပြ၊ ရှမ်းပြည်နယ်ကိုယ်စားပြု
အခုပြိုင်ပွဲက အဆင့်မြင့်တယ်၊ နိုင်ငံတကာပြိုင်ပွဲအဆင့်လောက် ရှိတဲ့အတွက် ဒီပြိုင်ပွဲဝင်ပြိုင်မယ့် ဝူရှူး အားကစားသမားတွေကို အနည်းဆုံး တစ်နှစ်လောက်လေ့ကျင့်ပေးခဲ့ပါတယ်။ ဝူရှူး (ထောက်လု) ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုး အစားတစ်ခုကို တစ်ယောက်နှုန်း ကန့်သတ်ထားတဲ့အတွက် အမျိုးသားကစားသမားငါးဦး၊ အမျိုးသမီး ကစားသမားငါးဦး ပါဝင်ယှဉ်ပြိုင် ခဲ့တာဖြစ်ပါတယ်။ ထောက်လုပြိုင်ပွဲမှာ အဓိကပြိုင်ပွဲကြီး သုံးခု ရှိပါတယ်။ အခုပြိုင်ပွဲက ပြိုင်ပွဲ အားကစားသမားတွေအတွက် စာမေးပွဲဖြေရသလိုပါပဲ။ ကိုယ့်ရဲ့ အရည်အချင်း ဘယ်လောက်ရှိ တယ်ဆိုတာကို ပြသတဲ့ပြိုင်ပွဲ လည်းဖြစ်ပါတယ်။ ပွဲတွေများများလုပ်မှ ကလေးတွေရဲ့ အားကစား အရည်အသွေး ဘယ်လောက် တိုးတက်လာတယ်ဆိုတာ သိရှိ ရမှာလည်း ဖြစ်ပါတယ်။
မနန်းဇော်ထိပ်ထားအောင်
အမျိုးသမီးဝူရှူး(ထောက်လု)ပြိုင်ပွဲဝင်၊ ရှမ်းပြည်နယ်ကိုယ်စားပြု
ဒီပြိုင်ပွဲဝင်ပြိုင်ဖို့ ရှမ်းပြည်နယ် တောင်ကြီးမှာ နှစ်လကျော်ကျော်လောက် နံနက်၊ ည နှစ်ချိန်စီခွဲပြီး လေ့ကျင့်ခဲ့ပါတယ်။ အခုလို နိုင်ငံ တော်အဆင့်ကျင်းပတဲ့ ပြိုင်ပွဲတွေ မှာတော့ တစ်ခါမှဝင်ပြိုင်ဖူးတာ မရှိပေမယ့် ပြည်နယ်မှာ ကျင်းပတဲ့ ပွဲတွေမှာတော့ ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ဝင်ပြိုင်ပါတယ်။ အဲဒီ တုန်းက အငယ်တန်းမှာ ဝင်ပြိုင် တာ ရွှေတစ်ခု၊ ကြေးနှစ်ခုရခဲ့ပါတယ်။ ပြိုင်ပွဲလုပ်ပေးတာ ကောင်းပါတယ်။ ပြိုင်ဘက်ကစားသမား တွေဆိုပေမယ့်သူတို့ရဲ့ကစားနည်း ကစားဟန်တွေကိုလည်း သိရတယ်။ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ
အလင်းသစ်၊ လင်းရာမ