လီလွန်ဂွေးလ် ဒီဇင်ဘာ ၁၇

 

အာဖရိကအရှေ့တောင်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သော မာလဝီနိုင်ငံသို့ အပူပိုင်းမုန်တိုင်း ချီဒို ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် ယခုအခါ ခုနစ်ဦး ရှိလာပြီဖြစ်ပြီး မုန်တိုင်း ကြောင့် လူပေါင်း ၃၅၀၀၀ ခန့် သောင်တင်လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနက ဒီဇင်ဘာ ၁၇ ရက်က ပြောကြားလိုက်သည်။

 

ခရိုင်ငါးခုတွင် သေဆုံးသူပေါင်း ခုနစ်ဦးရှိကြောင်းနှင့် အိမ်ထောင်စု ၇၇၂၁ စုမှ လူပေါင်း ၃၄၇၄၁ ဦးခန့် ရေဘေးဒုက္ခခံစားခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

 

မုန်တိုင်းကြောင့် လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့တော်လီလွန်ဂွေးလ်အပါအဝင် နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများရှိ နယ်မြေ ၂၀ ခန့် အတန် အသင့်မှ အများအပြားပျက်စီးခဲ့သည်။

 

မာလဝီကြက်ခြေနီအဖွဲ့၊ မာလဝီအစိုးရအဖွဲ့နှင့် တခြားအဖွဲ့အစည်းများသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းကြောင့် ပိတ်ထားခဲ့ရသော စာသင်ကျောင်းများကို လည်း ဘေးအန္တရာယ်ကင်းရှင်းချိန်မှသာ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံသို့လည်း ဒီဇင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ