ပေါင်းတည် ဒီဇင်ဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာနှစ်အတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လယ်အထိ မတ်ပဲနှင့် ပဲမျိုးစုံ စုစုပေါင်း ၆၁၇၆၁ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရသည်။

 

ယခုနှစ်တွင် မြို့နယ်အတွင်း သီးထပ်စွမ်းအားနှင့် စိုက်စွမ်းအားတိုးမြှင့်လျက် တောင်သူများ၏ အကျိုးစီးပွားနှင့်အတူ နိုင်ငံ့စီးပွားကို ထပ်တူမြှင့်တင်နိုင်ရေးတို့အတွက် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ကြရန် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့က လမ်းညွှန်မှာကြားခဲ့သည်။ ထို့ပြင် တောင်သူများ ပဲအထွက်နှုန်း ကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့အထိ မြို့နယ်အတွင်း တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးမှုများမှ ပဲမျိုးစုံစိုက်ပျိုးမှုတွင် ပဲတီစိမ်း ၉၇၃၁ ဧက၊ မတ်ပဲ ၄၂၀၇၈ ဧက၊ ကုလားပဲ ၃၇၆၅ ဧက၊ ဗိုလ်ကိတ်ပဲ ၁၅၄၇ ဧက၊ ပဲနောက် ၁၇၅၄ ဧကနှင့် ပဲကြီး၂၈၈၆ ဧကတို့ကို စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း သိရသည်။

 

ရွှေသား(ပြန်/ဆက်)