နေပြည်တော် ဒီဇင်ဘာ ၁၈

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာ၌ ကျင်းပသည့် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုး ပြန်လည်ဖြည့်ဆည်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများနှင့် တွေ့ဆုံ၍ ယခုပေးအပ်သော တိရစ္ဆာန်များအား စနစ်တကျ အောင်မြင်စွာ မွေးမြူနိုင်ရေး၊ တိရစ္ဆာန်အစာများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ကျွေးမွေးနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရေး မှာကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျွဲ၊ နွား၊ ဝက်နှင့် ဆိတ်များ လွှဲပြောင်းသည့်မှတ်တမ်းလွှာများ ပေးအပ်ကာ တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် အေးချမ်းသာ ကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာချင်းဆက်လမ်းကို စက်ယန္တရားများဖြင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေ ရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာရှိ ငြိမ်းချမ်းသာ အဆင့်မြင့်ဆန်စက်၊ ဆန်သန့်စင်စက်၊ စပါးအခြောက်ခံစက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်