နေပြည်တော် ဒီဇင်ဘာ ၁၈
သမဝါယမစနစ် စတင်ခြင်းနှင့် ဦးစီးဌာနပေါ်ပေါက်လာခြင်း နှစ်(၁၂၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ အငြိမ်းစားဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ၁၉၀၄ ခုနှစ် ဒီဇင်ဘာမှ စတင်ပေါ်ပေါက်ခဲ့သည့် သမဝါယမဌာန/ သမဝါယမညွှန်ကြားရေးဌာန/ သမဝါယမဦးစီးဌာန ဟူသော အမည်နာမများဖြင့် ခေတ်အဆက်ဆက် အစိုးရဝန်ကြီးဌာနများ၏ အောက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ခံခဲ့ရပြီး သမဝါယမလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
သမဝါယမဦးစီးဌာနအနေဖြင့် လယ်ယာသားငါး ထုတ်ကုန်များကို ဈေးကွက်သို့ ချိတ်ဆက်ပေးနိုင်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေး ပိုမိုပြည့်စုံမြင့်မားလာစေအောင် ဖော်ဆောင်နိုင်ရေးအတွက် ဌာနအနေဖြင့် အသင်းအဆင့်ဆင့်တို့နှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ဂုဏ်ပြုခံ အငြိမ်းစားဝန်ကြီး၊ ဒုတိယဝန်ကြီးများကိုယ်စား ဒုတိယဝန်ကြီး ဦးသန်းထွန်း(ငြိမ်း)အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် နှစ်(၁၂၀)ပြည့်အခမ်းအနား ဂုဏ်ပြုအစီအစဉ် ဗွီဒီယိုအားပြသပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဦးစီးဌာနမှ ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ဆုရရှိသော ဝန်ထမ်းများနှင့် အသင်းများ၊ ထူးချွန် ကျောင်းသူအား ဆုချီးမြှင့်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြကြောင်း သိရသည်။
သတင်းစဉ်


