၇ မတ်
ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်အားပေးသည့် အစီအစဉ်များကို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း လူသားဖွံ့ဖြိုးမှုညွှန်ကိန်း(Human Development Index) တွက်ချက်လာကြပြီး လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ (Human Development Report)များထွက်ပေါ်လာခဲ့သည့်နောက်ပိုင်း အချိန်မှစ၍ ဆောင်ရွက်လာခဲ့ကြသည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း ထောင်စုနှစ်ပန်းတိုင်များကို ဖြတ်ကျော်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များဆီသို့ ရွေ့လျောလာသည်နှင့်အမျှ “အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး”၏ ခေါင်းစဉ်ကို ပိုမိုဆွေးနွေး လာခဲ့ကြသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍ
ပညာရှင်တို့၏ သုတေသနပြုချက်များအရ ပဋိပက္ခဖြေရှင်းမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာ တွင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍမှာ အလွန်အရေးကြီးပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်မှာ အမျိုးသမီးများ၏ ဦးဆောင်မှု လိုအပ်သည်၊ ဆုံးဖြတ်ချက်များ ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်လာစေရန် လိုအပ်လာသည်ဟု ဆိုသည်။ အဆိုပါ သဘောတရားအား ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမှတ့် UN Resolution 1325 (2000) တွင် ဖော်ပြပါရှိပြီး ဥရောပ၊ အာရှ၊ အာဖရိကဒေသများအလိုက် အကောင်အထည်ဖော် ဆောင်လျက်ရှိကြသည်။
ပဋိပက္ခများ ဖြစ်ပွားစဉ် အချိန်ကာလများတွင်အများအားဖြင့် ထိခိုက်ခံစားရသူများသည် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပင် ဖြစ်သည်။ မိသားစုဝင်များ၏ စား၊ ဝတ်၊ နေရေး အခက်အခဲများအား အမျိုးသမီးများအနေဖြင့် လက်တွေ့ရင်ဆိုင်ဖြေရှင်း ကြုံတွေ့ကြရသည်။ အဆိုပါ အခက်အခဲများကို ထပ်မံ မပေါ်ပေါက်စေရေးအတွက် အမျိုးသမီးများအနေဖြင့် ပိုမို၍ ကတိကဝတ်ရှိသူများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ပဋိပက္ခများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ရေးနှင့် ပဋိပက္ခဖြစ်ပွားပြီးသည့် ဒေသများ၏ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်လာရေးစသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အမျိုးသမီးများ ပါဝင်လာစေရန် လိုအပ်လာခဲ့ပါသည်။
လုံခြုံရေး (Security)၏ အဓိပ္ပာယ် ပြောင်းလဲလာခြင်း
ခေတ်စနစ်နှင့် အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်နှင့်အမျှ လုံခြုံရေးဆိုင်ရာ အယူအဆများသည်လည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ လုံခြုံရေးဟုဆိုရာ တွင်ကာကွယ်ရေး ကိစ္စတစ်ရပ်တည်းသာ မဟုတ်ဘဲ သမားရိုးကျ လုံခြုံရေး (Traditional Security) အဓိပ္ပာယ်ထက်ပိုမိုကျော်လွန်၍ စဉ်းစားလာကြပြီ ဖြစ်သည်။ သမိုင်းကြောင်းအရ ဆန်းစစ်ကြည့်လျှင် စစ်အေးကာလက အမျိုးသား လုံခြုံရေး (National Security) ကို ဦးစားပေးခဲ့ကြပြီး စစ်အေးလွန် ကာလတွင် လူမှုအဖွဲ့ အစည်းဆိုင်ရာ လုံခြုံရေး (Societal Security) ကို ဦးစားပေးလာကြောင်း တွေ့ရှိရသည်။ နိုင်ငံတော်၏ လုံခြုံရေး (State Security)ကို ကာကွယ်စောင့်ရှောက် မည်ဟူသည့် ကာလက စစ်ရေးနည်းလမ်းကို အားပြုခဲ့သည်နှင့်အညီ စစ်ရေး အင်အားကြီးထွားမှုဖြင့် ကာကွယ်ခဲ့ကြသော်လည်း လူ့အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေး (Societal Security)ကို စဉ်းစားလာရာတွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်မှသာ လုံခြုံမှုရှိနိုင်သည်ဟု စဉ်းစားလာကြသည်။ ထို့ကြောင့်လုံခြုံရေးအယူအဆသည် စစ်ရေးအမြင်ကို အခြေခံသော သမားရိုးကျ လုံခြုံရေးအယူအဆ (Traditional Security Concept) မှ ရှုထောင့်အစုံဖြင့် အမြင်ကို အခြေခံသော သမားရိုးကျမဟုတ်သည့် လုံခြုံရေးအယူ အဆ (Non-Traditional Security Concept) သို့ကူးပြောင်းလာခဲ့သည်။ ထို့ကြောင့် အဆိုပါ လုံခြုံရေးအယူအဆတွင် စစ်ရေးလုံခြုံမှု(Military Security)၊ နိုင်ငံရေးလုံခြုံမှု (Political Security)၊ စီးပွားရေးလုံခြုံမှု (Economic Security)၊ လူမှုအဖွဲ့အစည်းလုံခြုံမှု (Social Security) နှင့်သဘာဝပတ်ဝန်းကျင်လုံခြုံမှု (Environmental Security) အထိ ကျယ်ပြန့်စွာပါဝင်လာကြောင်း တွေ့ရှိရသည်။ တစ်နည်း အားဖြင့်ဆိုသော် လူသားလုံခြုံမှု (Human Security) ကိုဦးစားပေးသော လူသားဖွံ့ဖြိုးမှုကို ဦးတည် အကောင်အထည်ဖော်လာကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ ဘက်စုံအမြင်ဖြင့်ရှုထောင့်စုံမှကြည့်သော သမားရိုးကျ မဟုတ်သည့် လုံခြုံရေး အယူအဆ၏ တွေးခေါ်ဆောင်ရွက်ချက်များမှာ ပိုမိုကျယ်ပြန့်ပြီး နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။
လုပ်သာကိုင်သာရှိသည့် ဝန်းကျင်တစ်ရပ်ထူထောင်ရေး
အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးခေါင်းစဉ်တွင်ပါဝင်လာရန်မှာ အမျိုးသမီးများ ရင်ဆိုင်ရသည့် သက်မွေး ဝမ်းကျောင်းပညာ၊ အလုပ်အကိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတ၊ အမျိုးသမီးများ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း ကိစ္စရပ်များအပါအဝင် အဆိုပါ နယ်ပယ်များ၌ ကျွမ်းကျင်မှုနှင့် ဗဟုသုတရှိစေရေးတို့အတွက် အသိပညာများ မြှင့်တင်ပေးရန် ၊ လိုအပ်သည့် ငွေကြေးအရင်းအနှီးများ၊ သွင်းအားစုများ စိုက်ထုတ်ပေးရန် လိုအပ်ပါသည်။ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်စေရန် အမျိုးသမီးများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ နှင့်စွမ်းပကားတိုးတက်ရေးအတွက် ခေါင်းဆောင်မှု(Women Leadership Work) တွင် စွမ်းရည် ထူထောင်မှုနှင့်ဖွံ့ဖြိုးမှုကိစ္စရပ်များ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ နိုင်ငံအတွင်းတွင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်သာကိုင်သာရှိသည့် ဝန်းကျင်တစ်ရပ်(Enabling Environment) ထူထောင်ရန် လိုအပ်ပါသည်။
အကျိုးသက်ဆိုင်သူ (Stakeholder)များအားလုံး အပြည့်အဝ ပူးပေါင်းပါဝင်ရေး
မျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အကျိုး သက်ဆိုင်သူ(Stakeholder) များအားလုံး အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ အမျိုးသမီးများနှင့် ဆက်စပ်၍ အဖွဲ့အစည်းများ၊ အခွင့်အလမ်းများပွင့်လန်းနေရန် လိုအပ်သည်။ အမျိုးသမီးများ လုပ်ပိုင်ခွင့်ရရှိရေး၊ အခွင့်အလမ်း ရရှိရေးမှာ မိသားစုဝင်များနှင့်ပင် ပါဝင်ပတ်သက်နေပြီ ဖြစ်ပါ သည်။ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်လာရေးအတွက်နိုင်ငံတော်အစိုးရက မူဝါဒဆိုင်ရာ ထောက်ခံအားပေးမှုများ ဆောင်ရွက်ရေး လိုအပ်သည့် စင်္ကြံ(Platform) များ ဖန်တီးပေးရေး၊ သက်ဆိုင်သည့်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပေးနိုင်ရေးတို့ လိုအပ်မည်ဖြစ်ပါသည်။ အလားတူပင်အပြည်ပြည်ဆိုင်ရာအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှလည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။
သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း
အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်မှုဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် ပညာရေး၊ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Educa-tion, Training and Capacity Building) များအား နှစ်ရှည် အစီအစဉ်(Multiple Year Programmes) တွင်ထည့်သွင်း ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်မှုဆိုင်ရာ မြှင့်တင်နိုင်ရေး(Operationalization of WPS) လုပ်ငန်းစဉ်များအား အမျိုးသားစီမံကိန်း (National Plan)နှင့် လိုက်လျောညီထွေစွာ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ပဋိပက္ခများ မဖြစ်ပွားစေရန် တားဆီးကာကွယ်မှုနှင့် ပဋိပက္ခဖြစ်ပွားပြီးသည့် ဒေသများ၏ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်လာရေး စသည့်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အမျိုးသမီးများ ပါဝင်လာစေရန် လိုအပ်ပါသည်။ အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား မည်ကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်မည်၊ မည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်ကိုလည်း စဉ်းစားရန် လိုအပ်ကြောင်းတို့ကို စဉ်းစားဆောင်ရွက်ရန်၊ ပဋိပက္ခများ မဖြစ်ပွားစေရန် မည်သို့ကြိုးပမ်း ဆောင်ရွက်ရမည်ကို ကြိုတင်ပြင်ဆင်သင့်ပါသည်။
ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင်ပိုမိုပူးပေါင်းဆောင်ရွက်ရန်အတွက် အာဆီယံ အမျိုးသမီးများ အတွက် ငြိမ်းချမ်းရေးမှတ်ပုံတင်စာရင်း တည်ထောင်ခြင်းဆိုင်ရာ a ဆွးနွေးပွဲအား ကျင်းပခဲ့ပါသည်။ အဆိုပါ ymposium \ Theme မှာ “Operationalizing the Joint Statement on Promoting Women Peace and Security in ASEAN” ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ၁၃- ၁၂-၂၀၁၈ ရက်နေ့မှ ၁၄- ၁၂-၂၀၁၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဇင်မာအောင် ခေါင်းဆောင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဒေါ်ဝါဝါမောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းတို့ အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကြေညာခဲ့သည့် အာဆီယံပူးတွဲကြေညာချက်အရ လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် Symposium on the Establishment of ASEAN Women for Peace Registry အား ကျင်းပ၍ အာဆီယံဒေသအတွက် Women for Peace Registry စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ဆောင်ရွက်၍ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အောက်ပါအကြောင်းအရာ တို့ကို အဓိက ဆွေးနွေးခဲ့ပါသည်-
- လူ့အခွင့်အရေး (Human Rights) အကာအကွယ်ပေးရေးနှင့် ပြည်တွင်းတွင် ကျား/မ တန်းတူညီမျှမှုရှိစေ ရေးဆိုင်ရာ၊ အမျိုးသမီးစွမ်းပကား တိုးတက်စေရေး ဖွံ့ဖြိုးမှုအစီအစဉ်များ (Gender Equality Deve-lopment Plan)အား ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
- ASEAN Women Registryလုပ်ငန်းတာဝန်များ၊ (ToR) များကို အာဆီယံဝိသေသလက္ခဏာရပ်များ (ASEAN Characteristics) နှင့်အညီ လိုက်လျော ညီထွေမှုရှိစေရန် သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
- လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်အကျိုး ဖြစ်ထွန်းမှုရှိအောင် အတွေ့အကြုံများအား ဖလှယ်နိုင်စေရန် ASEAN Women Registry များ၏ ကွန်ရက်ချိတ်ဆက်မှု အားကောင်းစေရန်လည်း အရေးကြီးပါကြောင်း၊
- အမျိုးသမီးများအတွက်သာမက အမျိုးသားများ အတွက်ပါ စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်ခြင်း ဝန်ဆောင်မှုများ (Psychological Services) များပေးရန် လိုအပ်ပါကြောင်း၊
- အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ASEAN Women Registry များက နိုင်ငံအတွင်းတွင်ဆက်လက် ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရေး အတွက် (Training of the Registries) အား Training for Trainers အတွက် လေ့ကျင့်သင်တန်းပေးနိုင်ရန်တောင်းဆိုခဲ့ကြပါကြောင်း၊
- ကျား/ မ တန်းတူညီမျှမှုရှိစေရေးအတွက် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရာ တွင် Gender Equality နှင့်စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းနိုင်ရေးစသဖြင့် နိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊
- ဗီယက်နမ်နိုင်ငံတွင် ကျား/မ တန်းတူညီမျှမှုရှိစေရေး လုပ်ငန်းကိစ္စရပ်ပေါ်၌ အစိုးရငွေလုံးငွေရင်း အသုံးစရိတ် အနေဖြင့် ၅ ရာခိုင်နှုန်း သုံးစွဲလျက်ရှိပါကြောင်းကို ဗီယက်နမ်နိုင်ငံ ကိုယ်စားလှယ်မှ အစည်းအဝေးတွင် တင်ပြခဲ့ပါကြောင်း၊
- ဖိလစ်ပိုင်နိုင်ငံတွင် လူသားလုံခြုံရေးမူဝါဒ (Human Security Policy)၊ အမျိုးသားလုံခြုံရေး မူဝါဒ (National Security Policy) များအား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အမျိုးသမီးများသာမက အမျိုးသားများရော လူငယ်များပါ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည်တို့ကို အဓိကထား ဆွေးနွေးကြပါသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များတွင် အမျိုးသမီးများ ပါဝင်ရေးကို တွန်းအားပေး ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆောင်ရွက်ခြင်းများ နိုင်ငံတွင်းရှိ ဒေသများတွင် ဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါသည်။ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသော အမျိုးသမီးများကို စုစည်းပြီး စနစ်တကျ မှတ်ပုံတင် စာရင်းသွင်းခြင်းကို ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း Joint Statement on Promoting Women, Peace and Security in ASEAN ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်ပါရန်
မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (Myanmar National Committee on Women- MNCW) အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ သည်။ အဆိုပါ ကော်မတီ၏ ဦးဆောင်မှုအောက်တွင် WPS သည် Technical Working Group (TWG) လေးခုအနက်မှတစ်ခု ပါဝင်လျက်ရှိရာ အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ (WPS-TWG) ကို အခြေခံထားသော သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီး အဖွဲ့များကိုခေါ်ယူကာ ဆွေးနွေးပွဲရလဒ်များကို ရှင်းလင်းခြင်း၊ သက်ဆိုင်ရာ ဒေသအခြေအနေများကိုဆွေးနွေးစေခြင်း၊ National Action Plan on WPS ကိုရေးဆွဲ၍ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းဖြစ်သည့် Myanmar Sustainable Development Plan (MSDP) ၏ ပန်းတိုင်(၁)နှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ရန် ကြိုးပမ်းသင့်ပါသည်။
အာဆီယံအမျိုးသမီးများအတွက် ငြိမ်းချမ်းရေးမှတ်ပုံတင် စာရင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ထဲထဲဝင်ဝင် ဆောင်ရွက်နေသူများထဲမှ ကျား/မ ရေးရာ ကျွမ်းကျင်သူများကိုလည်း ဆက်လက်စည်းရုံးဆောင်ရွက်ရန် လိုအပ်ပါသည်။ အောက်ခြေအထိ ဆက်လက်ပြန့်ပွားနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပဋိပက္ခဖြစ်နေဆဲကာလနှင့် ဖြစ်ပြီးကာလတို့အတွင်း လူသားချင်း စာနာထောက်ထားခြင်းနှင့် အကူအညီအပါအဝင်ပြန်လည်ထူထောင်ရေး ကဏ္ဍများအထိ ကျား/မ တန်းတူညီမျှမှုရေးရာ ကဏ္ဍများကို ထည့်သွင်းစဉ်းစားပေးမည့်အပြင်အမျိုးသမီးများကိုယ်တိုင် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာ ၌ ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်လျက်ရှိပါသည်။
မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံများတွင် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ထိရောက်စွာ ပါဝင်ဆောင်ရွက်နေသည့် ကိစ္စရပ်များအား လေ့လာ၍ လုပ်ထုံးလုပ်နည်း ယ္တရားများနှင့် လုပ်သာကိုင်သာ ရှိသည့် ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရန် ဆောင်ရွက်နေမှုများအား သိရှိခဲ့ခြင်းဖြင့် မိမိတို့နိုင်ငံတွင် Women Peace and Security နှင့် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ပြည်တွင်းပြည်ပ ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ လေ့လာသိမြင်နိုင်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်သည့်အပြင် ကျား/မရေးရာ တန်းတူညီမျှရေးလုပ်ငန်းစဉ် ကဲ့သို့သော အခြားဆက်စပ်လုပ်ငန်းများပါ အကျိုးသက်ရောက်မှုများ ရရှိနိုင်ခြင်း၊ အာဆီယံဒေသတွင်း နိုင်ငံများကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် အမျိုးသမီးများပါဝင်ရေးကို တွန်းအားပေးဆောင်ရွက်ရန် လိုအပ်နေသေးခြင်း စသည့်အတွေးအမြင် ဗဟုသုတအသစ်များနှင့်အကျိုးကျေးဇူးများစွာ ရရှိအောင်ဆောင်ရွက်ကြဖို့ လိုအပ်ပေသည်။
မိမိတို့နိုင်ငံတွင်လည်း အခြားသော နိုင်ငံများနည်းတူငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် လိုအပ်လာခဲ့ပါသည်။ ပဋိပက္ခများ ဖြစ်ပွားစဉ် အချိန်ကာလများတွင် အများအားဖြင့် ထိခိုက်ခံစားရသူများသည် အမျိုးသမီးများ၊ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ ဖြစ်ခြင်းတို့ကြောင့် လက်တွေ့ရင်ဆိုင်ဖြေရှင်းရာတွင် အဆိုပါ အခက်အခဲများကို ထပ်မံမပေါ်ပေါက်စေရေးအတွက် အမျိုးသမီးများအနေဖြင့် ပိုမို၍ ကတိကဝတ်ရှိသူများပီပီ ပဋိပက္ခများ မဖြစ်ပွားစေရန် တက်ကြွစွာတားဆီး ကာကွယ်ရေးတွင် ပါဝင်ကြမည့်သူများ ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားပြီးသည့် ဒေသများ၏ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်လာရေး စသည့်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အမျိုးသမီးများ ပါဝင်လာစေရန် တွန်းအားပေး ဆောင်ရွက်ရန်လိုအပ်လာပါကြောင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် မီးမောင်းထိုးတင်ပြလိုပါသည်။ ။
ဒေါက်တာဝါဝါမောင်