ဒီဇင်ဘာ ၁၉

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ယမန်နေ့ညပိုင်းက ကာရာအိုကေ(ကဖေး)ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် ၁၁ ဦး သေဆုံးကြောင်း၊ ဓါတ်ဆီပုလင်းပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။

အဆိုပါမီးလောင်မှုသည် Bac Tu Liem ခရိုင် ဖမ်ဗန်ဒေါင်လမ်းကြားတွင် ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကာရာအိုကေဘားရှိ မီးတောက်မီးလျှံများနှင့်မီးခိုးများသည် အနီးနားရှိနေအိမ်ဆီသို့ အလျင်အမြန်ကူးစက်သွားသည်ဟု VnExpress အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ကသေဆုံးသူ ၁၁ဦး၏အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး အခြားခုနစ်ဦးကိုကယ်ဆယ်ရရှိခဲ့ရာ ငါးဦးမှာအခြေအနေ ကောင်းမွန်ကြောင်းနှင့် နှစ်ဦးမှာဆေးရုံတင်ထားရကြောင်း VnExpress ၏ဖော်ပြချက်အရသိရသည်။

ထိုမီးလောင်မှုတွင် သံသယရှိသူသည် မြို့တော်ဟနွိုင်း၏ဒေါင်အန်ခရိုင်တွင် နေထိုင်သူ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု Bac Tu Liem ခရိုင်ရဲတပ်ဖွဲ့က အတည်ပြုထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။ ထိုအမျိုးသားသည် လုယက်မှုနှင့် ခိုးမှုတို့မှတ်တမ်းရှိသူဖြစ်ပြီး ကာရာအိုကေဘားဝန်ထမ်းနှင့် ငြင်းခုံမှုဖြစ်ပွားပြီးနောက် ဓါတ်ဆီပုလင်းဝယ်ယူကာ ဘားဆိုင်၏ပထမထပ်ကို ဓါတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဖွင့်ဟဝန်ခံခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို