နေပြည်တော်၊ ဒီဇင်ဘာ ၁၉
       
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက သာစည်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စမုံရေထိန်းတမံကိုယ်ထည်ကို စနစ်တကျဖို့ကြိတ်၍ တမံပေါင်ကြံ့ခိုင်ကောင်းမွန်မှုရှိစေရန် ဆောင်ရွက်နေမှု၊ အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အကူရေပိုလွှဲ (Fusel Plug Spillway) အလျားပေ (၅၀၀) ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ရေပိုလွှဲနှင့် သဲထုတ် ရေတံခါးကြံ့ခိုင်မှု အ‌ခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စမုံရေထိန်းတမံ၏ မူလရေပိုလွှဲ (Service Spillway) ပြုပြင်ခြင်းလုပ်ငန်းများ၊ အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အကူရေပိုလွှဲ (Fuse Plug Spillway) တည်ဆောက်နေသည့်အပိုင်းတွင် စိန်လွန်ကျင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပေတိုင်-၃၇၀၀’ မှ ပေတိုင်-၄၂၀၀’ အတွင်း တမံမြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာရှိကွင်း အမှတ် (၁၃၃၂)၊ တောင်သူဦးဝင်းဇော်၏ နေကြာ (၄) ဧကစိုက်ကွင်းအတွင်း နေကြာပန်းပွင့်ချိန် ဝတ်မှုန်ကူး ပျားပုံးများချထားခြင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သဘာဝဂေဟစနစ်များ ပျက်ယွင်းလာခြင်းနှင့် သီးနှံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေးများအလွန် အကျွံသုံးစွဲလာခြင်းတို့ကြောင့် သဘာဝအင်းဆက်များနှင့် သဘာဝပျားများနည်း ပါးပျောက် ကွယ်လာခဲ့ရာ စနစ်တကျခေတ်မီနည်းဖြင့် မွေးမြူသော ပျားများသည် နေကြာသီးနှံ စိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် များစွာအကျိုးပြုနိုင်ကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးထုတ် လုပ်ခြင်း ကိုအထောက်အကူဖြစ်စေမည့် ဝတ်မှုန်ကူးပျားပုံများ ထားရှိခြင်းကြောင့် သီးနှံအထွက်များ တိုးနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနက အသုံးပြုရန် အကြံပြုထားသည့်ပိုးသတ်ဆေးများကိုသာ ချိန်ဆသုံးစွဲကြရန် ဆွေးနွေးပြောကြားသည်။

သတင်းစဉ်