နေပြည်တော်၊ ဒီဇင်ဘာ ၁၉
 “Cryptocurrency အကြောင်း သိကောင်းစရာ” အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့  နံနက် ၉နာရီခွဲ တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌  ကျင်းပသည်။

ဉီးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force- FATF) ၏ Recommendation 15 နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည့်အတွက် ငွေကြေးခဝါချမှုများ၊ အကြမ်းဖက် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုများ၊ တရားမဝင်မှောင်ခို ရောင်းဝယ်မှုများ၊ အဂတိလိုက်စားမှုများ ပြုရာတွင် Cryptocurrency ကို  အသုံးပြုလာကြကြောင်း၊ အဂတိလိုက်စားမှုများမှ ရရှိလာသည့် ငွေကြေးများကို အသွင်ပြောင်း၍ Cryptocurrency များတွင် ရင်းနှီးမြုပ်နှံခြင်းများဖြင့် ငွေကြေးခဝါချမှု ကျူးလွန်ခြင်းများဖြစ်ပွားလာနိုင်သဖြင့် ကော်မရှင်ရုံးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား Cryptocurrency နှင့်စပ်လျဉ်း၍ အသိပညာပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

မျက်မှောက် ကာလတွင် ဂိုဏ်းဖွဲ့ပြစ်မှုကျူးလွန်သူများအနေဖြင့် ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ဖုံးကွယ်ရန်အပြင် ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်သည့်အခါ ခြေရာခံ၍ မရစေရန် Cryptocurrency ကို ကျယ်ပြန့်စွာ အသုံးပြုလာကြကြောင်း၊ စုံစမ်းစစ်ဆေးရေး အရာရှိများသည် Cryptocurrency နှင့်ပတ်သက်၍ အတွေ့အကြုံ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်များရှိရန် လိုအပ်ကြောင်းပြောကြားသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က Cryptocurrency နှင့်စပ်လျဉ်းသည့် သမိုင်းကြောင်း၊ One Pay Co.ltd မှ Project Director ဖြစ်သူ ဦးနေဝင်း က Cryptocurrency ၏ အားသာချက်၊ အားနည်းချက်များ၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြင့်စိုးက Cryptocurrency နှင့် စပ်လျဉ်း၍ Financial Action Task Force- FATF အကြံပြုချက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်က အဂတိ လိုက်စားမှုနှင့် ဆက်နွယ်နေသည့် Cryptocurrency  အကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးများ ဖြစ်ကြသည့် ဒေါ်ကြေးမုံနှင့် ဒေါ်နှင်းထက်ထက်ဝင်းတို့မှ   Virtual Cryptocurrency များနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍ ဖတ်ကြားတင်ပြပြီး ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချူပ်အမှာစကား ပြောကြားသည်။  

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် ကော်မရှင်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်