နေပြည်တော် ဒီဇင်ဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်      အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု ကျဉ်တောင်ကျေးရွာ၌ ကျင်းပသည့် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုး ပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရာက်၍ တောင်သူများကို နွား၊ ဝက်နှင့် ဆိတ်များ လွှဲပြောင်းသည့် မှတ်တမ်းလွှာများပေးအပ်သည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီး ကျေးရွာအုပ်စုအတွင်းရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများတွင် ဆောင်းသီးနှံပြန်လည် စိုက်ပျိုးထားရှိပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှု၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်းမှ ဆိုလာရေတင်စနစ်ဖြင့် လယ်ယာမြေများကို စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပသည့် နေပြည်တော်အတွင်း စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ  အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်