နေပြည်တော် ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန်၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလား ဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်း နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
အဆိုပါ အလွတ်သဘောညှိနှိုင်း ဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသော နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးသည် ဆွေးနွေးပွဲအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို တက်ရောက်လာကြသည့်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များအား ရှင်းလင်း ပြောကြားသည်။
အိမ်ရှင်ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန်က ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ဗန်ကောက်မြို့ရှိ Capella ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်းနှင့် လည်းကောင်း၊ ညနေ ၅ နာရီတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မစ္စတာ မိုဟာမက်တို ဟိဒ်ဟူစိန်နှင့်လည်းကောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး နှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရီ ဗစ်ခရမ် မစ်ဆရီနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ သီးခြားဆွေးနွေးပွဲတစ်ရပ် တက်ရောက်ရန် ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အန်ရစ် အေ မန်နလိုနှင့် ညနေ ၅ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ဗန်ကောက်မြို့ရှိ Capella ဟိုတယ်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွ က နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်း နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


