ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ ဒီဇင်ဘာ ၂၀ တွင် ပြီးဆုံးတော့မည်ဖြစ်သည်။ အားကစား ပြိုင်ပွဲအသီးသီးတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများ၊ မျိုးဆက်သစ်များ၊ အားကစားသမားတို့အတွက် နောက်ကွယ်မှပံ့ပိုးပေးလျက်ရှိသည့် အသင်းများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကြီးများတွင် ပါဝင်အားဖြည့်ကြသူအားလုံးအတွက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သည် အမှတ်တရများစွာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ရာ ယင်းတို့အနက်မှ နောက်ဆုံးပိတ်ပွဲစဉ်အချို့တွင် ယှဉ်ပြိုင်ကြသူ များ၏ အမှတ်တရစကားသံများကို မြန်မာ့အလင်းပရိသတ်များထံ စုစည်းတင်ပြလိုက်ရပါသည်။
မောင်နိုင်လင်းထွန်း
(လမ်းလျှောက်စံချိန်သစ်ရ ကစားသမား)၊ဆောက်လုပ်ရေးဝန်ကြီးဌာန
ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကီလိုမီတာ ၂၀ လမ်းလျှောက် အားကစားနည်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုနဲ့ ၁ နာရီ ၃၅ မိနစ် ၃၂ စက္ကန့်နဲ့ စံချိန် သစ်ရပါတယ်။ အသက် ၂၁ နှစ် အောက် ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ပြေးခုန်ပစ်ပြိုင်ပွဲမှာလည်း လမ်းလျှောက်မှာ ၁ နာရီ ၃၆ မိနစ် ၂၀ စက္ကန့်နဲ့ ၂၀၂၃ ဆီးဂိမ်းပထမ စံချိန်ထက်အသာနဲ့ ပထမဆု ရထားပါတယ်။ ဒုတိယဆုရတဲ့ သူနဲ့ ကျွန်တော်နဲ့ဆိုရင် မီတာ ၂၀၀ လောက်ကွာပါတယ်။ နည်းပြ/ ဆရာတွေရဲ့ သင်ကြားပြသမှုနဲ့ ကိုယ်တိုင်ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ကျွန်တော် ရွှေတံဆိပ်ဆုတွေ၊ စံချိန်သစ်တွေရတဲ့အတွက် ဝမ်းသာတယ်။ ပြိုင်ပွဲမှာ ပြိုင်မယ် ဆိုကတည်းက ကျွန်တော်က ပထမနေရာကိုပဲ လိုချင်တယ်။ ဒါကြောင့် သေချာလေ့ကျင့်တယ်။ လေ့ကျင့်ရင်းနဲ့ နာမသွားအောင် ဂရုစိုက်တယ်။ ကျွန်တော်အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်တာ သုံးနှစ်မပြည့်သေးဘူး။ ပထမဆုံးနှစ်မှာ ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲမှာ ၁ နာရီ ၅၇ မိနစ် နဲ့ ပထမရတယ်။ စံချိန်တော့မရခဲ့ ဘူး။ မနှစ်ကလည်း လမ်းလျှောက် မှာ ၁ နာရီ ၄၇ မိနစ်နဲ့ စံချိန်ချိုး နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က စီနီယာအစ်ကိုကြီး လျှောက်တဲ့ စံချိန်ကိုချိုးနိုင်ခဲ့တာပါ။ ကိုယ့်အနာဂတ် မျှော်လင့်ချက်က ပြည်ပပြိုင်ပွဲတွေမှာ ပြိုင်ချင်တယ်။ ကိုယ့်မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ယူပေးချင်တယ်။ အခုပြိုင်ပွဲမှာ စံချိန်သစ်ရတဲ့အတွက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွေအားလုံးက ဆုတွေချတယ်။ ဆုရတဲ့ ဆိုင်ကယ်နှစ်စီးမှာ တစ်စီးကို ကျွန်တော့်ရဲ့ နည်းပြ ဆရာဦးအောင်နိုင်ဝင်းကို ကန်တော့ခဲ့တယ်။ အခုလို စံချိန်သစ်တွေ၊ ဆုတွေရတယ်ဆိုတာကလည်း နည်းပြဆရာတွေရဲ့ ဂရုစိုက်သင်ကြားပြသမှုနဲ့ နည်း စနစ်တွေကြောင့်ပါ။ ကျွန်တော့် အသက်က အခု ၁၈ နှစ်ပြည့်တော့မယ်။ အား/ကာ သိပ္ပံ (တောင်ကြီး) ကနေ အရွေးခံရပြီးနောက် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီးတော့ အခုနိုင်ငံလက်ရွေးစင် ကစားသမားအဖြစ် ပဏာမအရွေးခံထားရပါတယ်။ ကျွန်တော့်လို မျိုးဆက်သစ်တွေကို အကြံပြုချင်တာက ကြိုးစားကြပါ။ ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုကို လုပ်ဖြစ်အောင် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
မလင်းစန္ဒာဌေး (ရွှေတံဆိပ်ဆုရ ကချင်ပြည်နယ်ပြိုင်ပွဲဝင်)
ကရာတေး ခတ၊ ကုမိတဲ့ပြိုင်ပွဲ
ကရာတေးပြိုင်ပွဲမှာ အမျိုးသမီး တစ်ဦးချင်း ခတပြိုင်ပွဲနဲ့ အမျိုးသမီး ကီလို ၅၀ နှင့်အောက် ကုမိတဲ့ပြိုင်ပွဲအမျိုးအစားနှစ်ခု ယှဉ်ပြိုင်ပါတယ်။ ခတမှာ တတိယ (ကြေး)ရပြီး ကုမိတဲ့မှာ ရွှေတံဆိပ် ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာ ပါတယ်။ ကျွန်မတို့ ဒီပြိုင်ပွဲမဝင်ခင် ခြောက်လကျော်လောက်ကတည်းက မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ်ကနေ Camp သွင်းပြီး သေသေချာချာ လေ့ကျင့်ပြီးယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်မက အား/ကာသိပ္ပံ (မန္တလေး)ကို ရှစ်တန်းနှစ်ကတည်းက စရောက်ပြီးတော့ ကရာတေးအဓိကနဲ့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အခြား ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊ Japan Cup စတဲ့ ကရာတေး ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ပြီး ရွှေ၊ ငွေ၊ ကြေးတံဆိပ်တွေ ရဖူးပါတယ်။ ပြည်နယ်နဲ့ တိုင်းအဆင့် ကရာတေးပြိုင်ပွဲတွေက နားထားတာကြာပြီ။ ဒီပြိုင်ပွဲကြီးကျင်းပတဲ့အချိန်မှ ပြန်ပြီးကျင်းပတဲ့အတွက် ဝင်ပြိုင်တာပါ။ ပြိုင်ခဲ့ဖူးတဲ့ပြိုင်ပွဲတွေထဲမှာတော့ ဒီပြိုင်ပွဲက အကြီးဆုံးပါ။ ဒီလိုပြိုင်ပွဲတွေလည်း များများလုပ်စေချင်တယ်။ ပြည်တွင်းရော ပြည်ပပွဲတွေပါ များများ လွှတ်ပေးစေချင်တယ်။ ကရာတေးအားကစားရဲ့ ရည်ရွယ် ချက်က အချင်းချင်းလေးစားမှုနဲ့ စည်းကမ်းလိုက်နာခြင်းပါ။ အချင်းချင်း လေးစားမှုရှိမှ အခြားသော လူမှုဆက်ဆံရေးကိုလည်း အဆင် ပြေစေနိုင်တာပါ။ ကျွန်မရဲ့ အနာဂတ်မျှော်လင့်ချက်က ဆီးဂိမ်းမှာ ကျွန်မကစားတဲ့ ဝိတ်တန်းမှာ အကောင်းဆုံး ယှဉ်ပြိုင်ပြီးတော့ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးချင်တယ်။
ကိုဇော်မင်းထက်(အုပ်ချုပ်သူ
ရခိုင်ပြည်နယ် ကရာတေးအသင်း)
ကျွန်တော်တို့ ရခိုင်ပြည်နယ် ကိုယ်စားပြု ကရာတေးကစား သမားတွေထဲက ရွှေတံဆိပ်ဆု နှစ်ခု ရယူပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူလို့ မဆုံးပါဘူး။ နောက်ထပ်နှစ်ဦးလည်း ကြေးတံဆိပ်ဆု ရရှိထားပါတယ်။ ကရာတေးကစားနည်းမှာ ကျွန်တော်တို့ ကစားသမား အကုန်လုံး ၁၄ ဦး ဝင်ပြိုင်ပါတယ်။ ရခိုင်ပြည်နယ်က ကရာတေး ကစားသမားတွေအနေနဲ့ ပြိုင်ပွဲ အတွက် ပြည်နယ်မှာ လေ့ကျင့်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပထမဆုရအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေပြည် တော်မှာ နှစ်လစခန်းသွင်း လေ့ကျင့်ပြီး ရွှေတံဆိပ်ဆု အရယူ နိုင်ခဲ့တာပါ။
နန့်စန္ဒာမိုး(ရွှေတံဆိပ်ဆုရ၊ ဘော်လီဘောပြိုင်ပွဲဝင်)
(ကာကွယ်ရေးဝန်ကြီးဌာနအသင်း)
ညီမတို့ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသမီးဘော်လီဘော အသင်းက ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီနေ့ဗိုလ်လုပွဲက လက်ရေညီတဲ့ အသင်းနှစ်သင်းဖြစ်တော့ ယှဉ်ပြိုင်မှုအားကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ညီမတို့အသင်းကတော့ ဒီနေ့ပြိုင်ပွဲမှာ အမှားယွင်းနည်းစွာနဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပြီး တစ်ဖက်အသင်း ကစား သမားတွေရဲ့ ရိုက်ချက်တွေကို အကောင်းဆုံးကာကွယ်နိုင်ခဲ့အတွက် အခုလိုရွှေတံဆိပ်ဆုရရှိ ခဲ့တာဖြစ်ပါတယ်။ ဘော်လီဘော ကစားနည်းက ရှုထောင့်ပေါင်းဆုံကနေ လျင်မြန်စွာ ဆုံးဖြတ်ချက်ချကစားရတဲ့အတွက် လေ့ကျင့်မှုပြည့်ဝဖို့လိုသလို ဖြတ်ထိုးဉာဏ်လည်း ကောင်းဖို့လိုတယ်။ အားကစားသမားတစ်ယောက်ဖြစ်တော့ ပြိုင်ပွဲတွေ နှစ်စဉ် နှစ်တိုင်းကျင်းပပေးဖို့ မျှော်လင့်တယ်။ အခုလို အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပပေးတဲ့အတွက်လည်း တာဝန် ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာခင်မျိုးဝင်း
(ဒုတိယညွှန်ကြားရေးမှူး)၊ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး (နေပြည်တော်)
အမျိုးသားအားကစားပွဲတော် အခမ်းအနားကြီးမှာ ဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ ဆေးအဖွဲ့ တွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးအနေနဲ့ ဆေးခန်း သုံးခန်း ဖွင့်လှစ်ပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေ ဖွင့်ပွဲပိတ်ပွဲကျင်းပတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနဲ့ ရွာတော်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေး စခန်းမှာလည်း ဆေးခန်း ဖွင့်လှစ်ပေးထားတဲ့အပြင် အားကစားကွင်းထဲက ပြိုင်ပွဲတစ်ခုချင်းစီအလိုက် ဖွင့်လှစ် ပေးထားတဲ့ အခြားဆေးဝန်ထမ်း အဖွဲ့တွေ အပါအဝင်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ အများကြီးပါဝင်ပါတယ်။ ကျွန်မတို့ ဆေးခန်းမှာဆိုရင် အရေးပေါ် တာဝန်ကျ ဆရာဝန်ကြီး၊ အရိုးအကြောဆရာဝန်ကြီး၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်း သူနာပြု ဆရာ ဆရာမတွေ ပါဝင်ပါတယ်။ ကျွန်မတို့ ခုတင်(၁၀၀၀) ဆေးခန်း မှာ လိုအပ်ရင် လိုအပ်သလို ပြုစု ကုသမှုတွေ ဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေ အသင့်ထားရှိ သလိုပဲ ဆေးခန်းပြဖို့၊ ဓာတ်မှန် ရိုက်ဖို့နဲ့ လိုအပ်ရင် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးကို လွှဲပို့နိုင်ဖို့ အတွက်ကို အသင့်ပြင်ဆင် ဆောင်ရွက်ပေးထားပါတယ်။
ဆရာခင်မောင်တိုး(ဘော်လီဘောနည်းပြချုပ်)
(ရွှေတံဆိပ်ဆုရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်း)
ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသမီးဘော်လီဘောအသင်းအနေနဲ့ ဒီနေ့မှာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ရရှိတဲ့အတွက် ဝန်ကြီးဌာနနဲ့ ကစားသမားတွေ အတွက် အလွန်ဂုဏ်ယူမိတယ်။ ကျွန်တော်တို့ အသင်းကတော့ ပြည်တွင်းရော ပြည်ပမှာပါ ပြိုင်ပွဲတွေရှိလာတဲ့အခါ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ကြိုတင်လေ့ကျင့်မှုတွေ အမြဲမပြတ် လုပ်ဖြစ်ပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေတိုင်းမှာ တကယ်တော်တဲ့ မျိုးဆက်သစ်ကစား သမားတွေကို ပြန်လည်မြင်တွေ့ရတဲ့အတွက် နိုင်ငံအတွက် ဘော်လီဘောလက်ရွေးစင် ကစားသမားတွေ အများကြီးထွက်ပေါ်လာနိုင်တယ်။ မျိုးဆက်သစ်ကစား သမားတွေအနေနဲ့ ကိုယ်ကျွမ်းကျင် ရာ ကစားနည်းကို ရွေးချယ်ပါ။ အောင်မြင်မှုတွေရရှိအောင်လည်း ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့အတူ နည်း စနစ်တကျ လေ့လာသင်ယူပါ။ ယှဉ်ပြိုင်မှုကို ပြိုင်ဘက်လို သဘော မထားဘဲ တစ်သင်းနဲ့တစ်သင်း၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရိုးသားစွာ ကစားကြဖို့ ပြောချင်ပါတယ်။
ကိုလှမင်းအောင်(ခွဲမှူး၊ နည်းပြ)
ပြည်မြို့၊ ရွှေတောင်ဇေယျာသိဒ္ဓိသိုင်းပင်မအဖွဲ့
ပိတ်ပွဲမှာ ဖျော်ဖြေဖို့အတွက် ကျွန်တော်တို့အဖွဲ့က ၃၅ ဦး ပါပါတယ်။ အခမ်းအနားမှာ မြန်မာ့သိုင်းအခြေခံ ၆၃ မောင်း သရုပ်ပြပြီးတာနဲ့ ကာယသိဒ္ဓိပြသတာနဲ့ ဓားရေးကစားတာတွေ ပါဝင်ပြသမှာပါ။ ဒီလိုမျိုး ပြိုင်ပွဲကြီးမှာ အနယ်နယ်အရပ်ရပ်ကအဖွဲ့တွေ လာဆုံကြရလို့ ဝမ်းသာတယ်။ အထူးသဖြင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ရိုးရာသိုင်းပညာ ရပ်တွေကို ဒီလိုအခမ်းအနားကြီးမှာ ပြသခွင့်ရတာကို ပိုပြီးတော့ ကျေနပ်မိတယ်။ ဒီလိုမျိုးရိုးရာ ပညာရပ်တွေကိုလည်း လူငယ်မျိုးဆက်တွေကို ဆက်ပြီး ထိန်းသိမ်းစေချင်တယ်။
တွေ့ဆုံမေးမြန်း-ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး၊
ဓာတ်ပုံ - ဇင်ဟိန်းထက်