နေပြည်တော် ဒီဇင်ဘာ ၂၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က အဂတိ လိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတစွာ ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ အဖွဲ့အစည်းများ၏ စွမ်းရည်ကျဆင်းခြင်းမှ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိခိုက်စေပြီး အစိုးရအပေါ် ပြည်သူ လူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေကြောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေသောကြောင့် အဂတိကင်းစင်ရေးကို အဓိက တာဝန်ကြီးတစ်ရပ်အဖြစ် နိုင်ငံတကာမှပူးပေါင်းတိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက် စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို နားလည်သိရှိပြီး မိမိကစ၍ အဂတိလိုက်စားမှုကို လုံးဝ လက်မခံသည့် အလေ့အကျင့် ဖြစ်ထွန်းစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက် များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


