မြိတ် ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားဖြစ် ဝဥစိုက်တောင်သူများ ယခင်နှစ်ကထက် ယခုနှစ်တွင် ဝဥများ စျေးကောင်းပိုမိုရရှိနေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းနှင့် နှစ်ရှည်သီးနှံပင်များဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုအခါ ကြားသီးနှံပင်များဖြစ်သည့် ကော်ဖီ၊ ကိုးကိုတို့အပြင် ဝဥများကိုလည်း ယခင်က တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့ရာမှ ယခုအခါ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဝဥ များကို ပြည်တွင်းစားသုံးသည့်အပြင် စျေးကွက်အတွင်း၌ စျေးကောင်းရရှိနေသောကြောင့် ပြည်တွင်းစျေးကွက်တွင်းသာမက ပြည်ပစျေးကွက်သို့ အခြောက်ခံ (ပါးပါးလှီးအခြောက်ခံ)၊ အမှုန့်ကြိတ်ပြီး (ခေါက်ဆွဲပြုလုပ်ရန်) ဂျပန်၊ ထိုင်း၊ တရုတ်နိုင်များသို့လည်း တင်ပို့နေရကြောင်း သိရသည်။
“မေ၊ ဇွန်လတွေမှာ ဝဥကို စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွေမှာ ရိတ်သိမ်းရပါတယ်။ စိုက်ပျိုးတဲ့အခါမှာတော့ ကျင်း၊ ဘောင်၊ အိတ် စတဲ့စနစ်တွေနဲ့ စိုက်ပျိုးရပါတယ်။ တစ်လခွဲ၊ နှစ်လခွဲခန့်အကြာမှာ ပေါင်းရှင်းပြီး သဘာဝမြေသြဇာများ ထည့်သွင်းပြီး မြေအုပ်ပေးရပါတယ်။ တစ်ဧကကုန်ကျစာရိတ်က ငွေကျပ်သိန်း(၆၀)ခန့်ရှိတယ်။ ရိတ်သိမ်းပြန်ရောင်းချပြီးရင်တော့ ငွေကျပ်သိန်း (၁၀၀/၁၂၀)ခန့် ရရှိပါတယ်။ ပြည်တွင်းစျေးကွက်မှာတော့ အစိုတစ်ပိဿာ ငွေကျပ်(၁၈၀၀/၂၀၀၀) ရှိပါတယ်” ဟု ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဝဥ တစ်ပိဿာကို ငွေကျပ် (၁၈၀၀/၂၀၀၀)အထိ ပေါက်စျေးရှိပြီး ယခင်နှစ်က ဝဥတစ်ပိဿာကို ငွေကျပ် (၁၀၀၀/ ၁၂၀၀) အထိ စျေးသာရှိခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ (၅)နှစ်ခန့်က ကျွန်တော်တို့ဒေသမှာ ဝဥကို တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ဝဥတွေကို ပြည်တွင်းဈေးကွက်အတွင်းမှာပဲ ရောင်းချခဲ့ရာနေ လွန်ခဲ့တဲ့ (၂)နှစ်ကျော်ကစပြီး ပြည်ပကနေ စျေးကောင်းပေးဝယ်ယူလာတဲ့အတွက် တောင်သူတွေ စိတ်ဝင်စားမှု များပြားလာပါတယ်။ ဒါကြောင့် ရော်ဘာခြံတွေမှာ ကြားသီးနှံအနေနဲ့ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာကြပါတယ်”ဟု ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဝဥကို လွန်ခဲ့သည့်နှစ်ပေါင်း (၃၀)ကျော်ခန့်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးကြပြီး ပြည်တွင်းစားကုန်တစ်ခုအနေဖြင့် အများဆုံး စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဝဥကို ၂၀၂၀-၂၀၂၁ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ဒေသခံတောင်သူများက တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းတစ်ခုအနေဖြင့် မိမိတို့ ဥယျာဉ်ခြံမြေများရှိ ရော်ဘာစိုက်ခင်းများအတွင်း၌ ကြားသီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဝဥကို ရေဖြူ၊ ကလိန်အောင်၊ ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ စသည့်မြို့နယ်နှင့် ပလောက်မြို့၊ မောတောင်မြို့တို့အပြင် ဘုတ်ပြင်းမြို့နယ်တို့လည်း စီးပွားဖြစ် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ဝဥမှထွက်ရှိသော စားကုန်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးအမျိုး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် တိရစ္ဆာန်အစာအမျိုးမျိုးတို့အား ထုတ်လုပ်လျက်ရှိကြောင်းနှင့် ကမ္ဘာနိုင်ငံအသီးသီးတွင် ဝဥ မျိုးကွဲပေါင်း (၈၀)ခန့်ရှိပြီး တောင်အမေရိကတိုက်၊ အာဖရိက၊ အရှေ့အာရှနှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်တို့တွင် ဝဥကို စီးပွားဖြစ် လုပ်ငန်းတစ်ခုအနေဖြင့် စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)