နေပြည်တော် ဒီဇင်ဘာ ၂၁ 
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် CHID Bank (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ၏ (၁၁) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ CHID Bank (ရုံးချုပ်) ၌ ကျင်းပသည်။
အစည်းအဝေးသို့ CHID ဘဏ်နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ CHID Bank ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဘဏ်အစုရှယ်ယာရှင်များ၊ စာရင်းစစ်အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က CHID Bank ကို နိုင်ငံတော်၏ ဆောက်လုပ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ၂၀၁၃ ခုနှစ် မေတွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဆယ်နှစ်ကျော်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ စဉ်ဆက်မပြတ် စနစ်တကျ လိုက်နာဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။
ပြည်သူများ စိတ်ချယုံကြည် အားကိုးရသောဘဏ်အဖြစ် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဘဏ်လုပ်ငန်းစဉ်များ ၊ စည်းမျဉ်း / စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အညီ Digital Banking စနစ်ဖြင့် လုပ်ဆောင်နိုင်ရန် အစဉ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် CHID Bank ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဘဏ်အမှုဆောင်အရာရှိချုပ်နှင့် စာရင်းစစ်အဖွဲ့မှ တာဝန်ရှိသူများက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
    ယင်းနောက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်၏ ပြင်ပစာရင်းစစ် အစီရင်ခံစာကို တင်ပြအတည်ပြုချက်ရယူခြင်း၊ ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ နှုတ်ထွက်ခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်သစ်များကို အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့်ရွေးခြယ်ခန့်အပ်ခြင်းနှင့် အမည်စာရင်း အတည်ပြု ကြေညာခြင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်း၊ အခကြေးငွေသတ်မှတ်ခြင်း၊ အစုရှယ်ယာရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများနှင့် အကြံပြုချက်များ ပြန်လည်ဖြေကြားခြင်း၊ စာရင်းစစ်ကော်မတီဝင်များ ခန့်အပ်ခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် အမည်စာရင်းကြေညာခြင်းတို့ ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ငါးထပ်အဆောက်အဦကို မူလရှေးပုံစံမပျက် အကြီးစားပြင်ဆင်လျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်