မြစ်ကြီးနား        ဒီဇင်ဘာ ၂၂

            နေပြည်တော်၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဒီဇင်ဘာ ၉ ရက် မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့ရာ ကချင်ပြည်နယ်အနေဖြင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော ပြည်နယ်ကိုယ်စားပြု အားကစားအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဦးဆောင် ၍ ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

            ထိုသို့ဂုဏ်ပြုကြိုဆိုရာတွင် လေဆိပ်၌ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကို မောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများက ပြန်လည်ရောက်ရှိလာသော အားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား လူငယ်မောင်/မယ်များအား ဂုဏ်ပြုပန်းကုံး၊ လီဆူရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။

            ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးက အားကစားအဖွဲ့များအား ယခုကဲ့သို့ အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်နယ်ကိုယ်စား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း ဂုဏ်ပြုပြောကြားပြီး ပြန်လည်ရောက်ရှိလာသော အမျိုးသမီးဘောလုံးအဖွဲ့၊  ဘိလက်ယက်နှင့်စနူကာအဖွဲ့၊  စားပွဲတင် တင်းနစ် စသည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/ နည်းပြများက အားကစားနည်းအလိုက် ပြိုင်ပွဲ များတွင်  ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)