မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝတွင် မျက်မှောက်ကာလ ကြုံတွေ့နေရသည့် လိုအပ်ချက်အမျိုးမျိုးအနက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုအခက်အခဲများကို တွေ့ကြုံနေရသည်။ နိုင်ငံတော်၏ တစ်ရက်ပျမ်းမျှ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၄၄၀၀ ဖြစ်ပြီး လက်ရှိတွင် မဂ္ဂါဝပ် ၂၄၀၀ ခန့်သာ ထုတ်လုပ်ပေးနိုင်သည်။ နေ့စဉ်ကြုံတွေ့နေရသော လျှပ်စစ်ဓာတ်အားအခက်အခဲများနှင့်ပတ်သက်၍ ဓာတ်အားလျော့နည်း ဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အသိပေးသတင်းထုတ်ပြန်ထားသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံအသီးသီး၏ အရင်းအမြစ်များအလိုက် စုစုပေါင်းစက်တပ်ဆင် အင်အားများသည် ၇၂၇၂ မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအားလုံး စက်စွမ်းအားအပြည့် မောင်းနှင်လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။ နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အား ပျမ်းမျှလိုအပ်ချက်သည် မဂ္ဂါဝပ် ၄၄၀၀ ဖြစ်သဖြင့် ထုတ်လုပ်နိုင်မှုနှင့်သုံးစွဲနိုင်မှုတွင် ကွာဟချက် ကြီးကြီးမားမားမရှိသဖြင့် ပြည်သူများ လူမှုစီးပွားဘဝအတွက် အစဉ်ပြေနိုင်သည်။


သို့သော် YESC ၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ကိုးရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိခြင်း၊ အဖျက်သမားသောင်းကျန်းသူ များက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကို ဖျက်ဆီးမှုကြောင့် ရေအား လျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စက်စွမ်းအားပြည့်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ် နိုင်ခြင်းမရှိသည့် ဓာတ်အားပေး စက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိခြင်း၊ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်းဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့် လျော့နည်းထုတ်လုပ်နေရပြီး ယခုကာလများတွင် တစ်ရက်ပျမ်းမျှ မဂ္ဂါဝပ် ၂၄၀၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ နေစွမ်းအင်၊ ရေစွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့စွမ်းအင် စသည့်စွမ်းအင်များ ဒေသအသီးသီးတွင် အလျှံပယ်ရှိသည်။ မျက်မှောက် ကာလတွင် ရေအားလျှပ်စစ်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့စွမ်းအင်တို့ကို အဓိကအားထား အသုံးပြု ထုတ်လုပ်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးတွင် တပ်ဆင်ထားသောစက်များ စက်စွမ်းအားအပြည့် ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားကို အခက်အခဲကြီးကြီးမားမားမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး ထပ်မံ၍စီမံကိန်းများ တိုးချဲ့ဆောင်ရွက်နိုင်သည့်အခါ လျှပ်စစ်ဓာတ်အားပြည့်စုံ လုံလောက်မှုရှိပြီး လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။


ယခုအခါ တည်ဆောက်တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် လျှပ်စစ်ဓာတ်အား လိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြန်လည်ပြင်ဆင် ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လက်ရှိကာလ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေမှုများကို ကာလတို ဖြေရှင်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။


လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းမှာ ကြီးမားကျယ်ပြန့်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအခြေအနေ၊ တိုးပွားလာသော လူဦးရေနှင့် လူမှုစီးပွားတိုးတက်မှုအနေအထားများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဆက်လက် မြင့်မားနေမည်ဖြစ်သည်။ ထို့ကြောင့် ရေရှည်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အဆင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပြီး အနာဂတ်ကာလတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေရှည်တိုးတက်သုံးစွဲလာနိုင်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံအတွင်း ပေါများကြွယ်ဝသည့် ရေ၊ နေ၊ လေ၊ ဓာတ်ငွေ့သဘာဝအရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိသလို လက်ရှိကာလတွင် လျော့နည်းထုတ်လုပ်ပေးရသည့် ဓာတ်အားအခက်အခဲကိုလည်း နားလည်သိရှိပြီး ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။

 

ကြေးမုံ