ဝါရှင်တန် ဒီဇင်ဘာ ၂၂
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟု ယူဆကာ တူးမြောင်းကို ပြန်လည်သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောကြားသည်။
ပနားမားတူးမြောင်းသည် အမေရိကန်သင်္ဘောများအား မတန်တဆ ဈေးကောက်ခံခြင်းအပေါ် ကိုးကား၍ ထရမ့်က အထက်ပါအတိုင်း ပြောကြာခြင်းဖြစ်သည်။ ပနားမားတူးမြောင်းသည် ၎င်း၏ရေလမ်းကို ဖြတ်သန်းသည့် အမေရိကန်ရေတပ်နှင့် ကူးသန်းရောင်းဝယ်ရေးရေယာဉ်များကို မတန်တဆဈေးဖြင့် ဖြတ်သန်းနှုန်းများ ကောက်ခံလျက်ရှိကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့ကြောင်း သိရသည်။
၁၉၇၇ ခုနှစ်တွင် ပနားမားနိုင်ငံသားများ၏ ဖိအားပေးမှုအောက်တွင် လက်မှတ်ရေးထိုးခဲ့သည့် Torrijos-Carter စာချုပ်အရ ပနားမားတူးမြောင်းကို ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ပနားမားတူးမြောင်းသည် ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းတစ်ခုဖြစ်သည်။ ၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် တူးမြောင်းဖောက်လုပ်ရန်အတွက် ပနားမားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ် ပြီးနောက် ပနားမားတူးမြောင်းဇုန်ဟု လူသိများသော ပနားမားတူးမြောင်းနှင့် ၎င်း၏အနီးတစ်ဝိုက်ရှိဒေသ အချို့ကို အမေရိကန် တရားစီရင်ပိုင်ခွင့်အောက်တွင် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော်