မိကျောင်းမွေးမြူရေးစခန်း၊ ငါးလုပ်ငန်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၏ မိကျောင်းမွေးမြူရေးစခန်းမှာ ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှု ရပ်ကွက် မြခွာညိုလမ်း၌တည်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန် ၁၀-၄-၂၀၂၀ ရက်နေ့မှစ၍ ယာယီခေတ္တပိတ်ထားခဲ့ပြီးနောက် ၂၉-၁၀-၂၀၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
မိကျောင်းမျိုးစိတ်များ
ကမ္ဘာပေါ်တွင် မိကျောင်း (၁) မျိုးရင်း Alliga-toridae (Alligators နှင့် Caimans )၊ (၂) မျိုးရင်း Crocodylidae (မိကျောင်းအစစ်) နှင့် (၃) မျိုးရင်း Gavialidae (Gharial-ဂါရီရယ်)နှင့် false gharial (ရေချိုမိကျောင်း) တို့ရှိပါသည်။
မိကျောင်းမျိုးစု ကိုးမျိုးရှိပြီး မျိုးစိတ်ပေါင်း ၂၈ မျိုးရှိပါသည်။ ၎င်းတွင် မျိုးစပ်မျိုးစိတ်များ သို့မဟုတ် မျိုးသုဉ်းသွားသော သမိုင်းမတင်မီမျိုးစိတ်များ မပါဝင်ပါ။ မြန်မာနိုင်ငံတွင် မျိုးစိတ်လေးမျိုး ရှိရာ Crocodylus po-rosus၊ Crocodylus palustris၊ Crocodylus siamensis နှင့် Gavialis gangeticus တို့ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် နိုင်ငံတော်သမ္မတကြီး ဦးနေဝင်း၏ ထိုစဉ်က ကမ်ပူးချားနိုင်ငံ (ယခုကမ္ဘောဒီးယားနိုင်ငံ) ချစ်ကြည်ရေးခရီးစဉ်တွင် လက်ဆောင်အဖြစ် Crocodylus siamensis မိကျောင်းမျိုး သုံးကောင် ကို လက်ဆောင်ရရှိခြင်းမှ အစပြုကာ မိကျောင်း မွေးမြူရေးဌာနစိတ် ဖြစ်လာပါသည်။
အဆိုပါ Crocodylus siamensis မျိုးစိတ်သည် ကမ်ပူးချားနိုင်ငံ (ယခုကမ္ဘောဒီးယားနိုင်ငံ) မှ သယ်ဆောင်လာခဲ့သည့် မိကျောင်းမျိုးဖြစ်ခြင်း၊ ခရီးစဉ်တစ်လျှောက် Stress ရရှိခြင်း၊ နိုင်ငံအသစ် ပတ်ဝန်းကျင် အသစ်တွင် နေထိုင်မှုသဟဇာတ ဖြစ်စေရန် ခက်ခဲခြင်းတို့ကြောင့် မျိုးစိတ်မှာ ရှင်သန်ရန် အားနည်းခဲ့သဖြင့် သဘာဝမှ Crocodylus porosus မျိုးစိတ်ကို စုဆောင်းမွေးမြူထားရှိခဲ့ပါသည်။ ယခုအခါ မျိုးစိတ် ၃ မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေကာ သာကေတမိကျောင်း မွေးမြူရေးစခန်း၌ မွေးမြူထားသော ငမိုးရိပ်မိကျောင်းဟု ခေါ်တွင်သည့် Crocodylus porosus ရေငန်မိကျောင်းတစ်မျိုးသာ ကျန်ရှိပါသည်။
မိကျောင်းမွေးမြူရေးစခန်း
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ မြန်မာ့ရေလုပ်ငန်း၊ ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်း ကော်ပိုရေးရှင်းက ၁၉၇၈ ခုနှစ် မေလ၂ ရက်နေ့တွင် မိကျောင်းမွေးမြူရေးစခန်းကို စတင်အကောင် အထည်ဖော်ခဲ့ပြီး ၁၉၉၄-၁၉၉၅ ခုနှစ်တွင် မွေးမြူ ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက လွှဲပြောင်းရယူခဲ့ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန မွေးမြူရေးဌာနခွဲ လက်အောက်ရှိ သာကေတမိကျောင်းမွေးမြူရေး စခန်းကို မြန်မာနိုင်ငံရှိ မျိုးသုဉ်းပျောက်ကွယ်လု နီးပါးဖြစ်သော မိကျောင်းမျိုးစိတ်များကို ထိန်းသိမ်း ရန်နှင့် သုတေသနပြုလေ့လာရန်၊ ပြည်တွင်း ပြည်ပ အများပြည်သူများ ဗဟုသုတရစေရန်နှင့် အပန်းဖြေ လေ့လာနိုင်ရန်၊ သဘာဝတောရိုင်း တိရစ္ဆာန်နှင့် မျိုးသုဉ်းပျောက်ကွယ်တော့မည့် ဒေသမျိုးရင်း၊ မျိုးစိတ်များထိန်းသိမ်းရန်အတွက် ပညာပေးရန်၊ ကျောင်းသား ကျောင်းသူများ ဗဟုသုတအဖြစ် လေ့လာနိုင်ရန်နှင့် တက္ကသိုလ်များရှိ မဟာဘွဲ့ယူ၊ ပါရဂူဘွဲ့ယူ ကျောင်းသား ကျောင်းသူများ သုတေသနပြု လေ့လာနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အများ ပြည်သူများ လည်ပတ်အပန်းဖြေရာစခန်းအဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
၁၉၈၂ ခုနှစ်တွင် သဘာဝအလျောက် မိတ်လိုက် ဥချ၊ အသိုက်ဖွဲ့ခြင်းနှင့် ပထမဆုံး သားဖောက်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ မိကျောင်းမွေးမြူရေးစခန်း၏ ဧရိယာအကျယ်အဝန်းမှာ စုစုပေါင်းဧက ၄၀၊ စတုရန်းပေ ၁၇၄၂၄၀၀ ခန့် ကျယ်ဝန်းပြီးပုဇွန်တောင် ချောင်းနံဘေး၌ တည်ရှိပါသည်။
အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက်တို့သည် မိကျောင်းဥမှ အကောင်ပေါက်ရန်အတွက် အရေးကြီးသည့် ဓာတု/ရူပဆိုင်ရာ အချက်အလက်များပင်ဖြစ်ပါသည်။ မိကျောင်းဥများသည် အပူချိန်ပေါ်မူတည်၍ အထီး/အမအဖြစ် ပြောင်းလဲတတ်သည့် သဘာဝရှိပါသည်။ Royal Society of London. Biological Sciences ဂျာနယ်တွင် ဖော်ပြချက်အရ ရာသီဥတုနှင့် ပတ်ဝန်းကျင်အပေါ် အခြေခံ၍ အပူချိန်အနည်းငယ်အေးသည့် Cool temperature ၃၀ ဒီဂရီစင်တီဂရိတ်တွင် အများအားဖြင့် အမအဖြစ်ပေါက်ပွားပြီး ပူနွေးသောအပူချိန် Warmer temperature ၃၄ ဒီဂရီစင်တီဂရိတ် ပတ်လည်ခန့်တွင် အထီးအဖြစ် ပေါက်ပွားလေ့ရှိကြောင်း သိရသည်။
ဥမှပေါက်ပေါက်ခြင်း အကောင်ငယ်လေးများ (Hatchlings) ၏ဝမ်းဗိုက်သည် ဥနှစ်များ တစ်ပိုင်းတစ်စ အပြင်ထွက်ကာ ပွင့်လျက်ရှိသည်။ ယင်းဥနှစ်များ ကုန်ဆုံးချိန်နှစ်ပတ်ခန့်တွင် ဝမ်းဗိုက်အရေပြား Scar-line ပိတ်လေ့ရှိသည်။ ဥမှပေါက်ခါစ အကောင်ငယ်လေးများကို ရေနှင့် မထိတွေ့စေရန် ထားရှိမှသာ ပွင့်နေသော ဝမ်းဗိုက်အရေပြားမှ ရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ မိကျောင်းသားပေါက် ငယ်လေးများသည် ဥမှပေါက်စအရွယ်မှ ရက်ပေါင်း ၉၀ အတွင်းတွင် ရောဂါများကျရောက်လွယ်တတ်ပါသည်။ မိကျောင်းသားပေါက်ကလေးများ ထားရှိသောအခန်းကို အပူချိန် (၃၀ ဒီဂရီစင်တီဂရိတ်မှ ၃၄ ဒီဂရီစင်တီ ဂရိတ်) အတွင်း ရှိနေစေရေး ထိန်းသိမ်းထားရှိရန် လိုအပ်ပါသည်။
မိကျောင်းသားပေါက်ငယ်လေးများကို ဥမှပေါက်စအရွယ် ရက်အနည်းငယ်အတွင်း အစာကျွေးရန် မလိုအပ်သေးဘဲ ဥနှစ်များကို စားသုံး၍ အသက်ရှင်နိုင်ပါသည်။ မိကျောင်းသားပေါက်ကလေးများ ဥမှပေါက်သောအရွယ် ၂၀ စင်တီမီတာမှ ၄၅ စင်တီ မီတာရောက်သည်အထိ (၈ လ မှ ၁၀ လခန့်အထိ) သားပေါက်ပြုစုခန်းတွင် ပြုစုမွေးမြူလျက်ရှိပါသည်။ တစ်ပေအရွယ် တစ်နှစ်သားမှ သုံးပေအရွယ်အထိကို မိကျောင်းမွေးမြူရေးစခန်း၏ ပြုစုကန် (၁) တွင် ပုစွန်ကျော့နှင့် ငါးကြီးဆီကို ရောစပ်၍ နေ့စဉ် ကျွေးမွေးပြုစုလျက်ရှိပါသည်။
သုံးပေမှ ငါးပေအထိ မိကျောင်းငယ်လေးများကို ပြုစုကန် (၃) သို့ စနစ်တကျခွဲ၍ ပြောင်းရွှေ့ မွေးမြူကာ ငါးပေအထက် မိကျောင်းများကို သောက်ရေကန်၊ ကွန်ကရစ်ကန်နှင့် သဘာဝကန်များသို့ပြောင်းရွှေ့ပြီး သဘာဝအနေအထားအတိုင်း မိကျောင်းများ နေထိုင်ကျက်စားနိုင်ရန် ပြုစုမွေးမြူ ထားလျက်ရှိပါသည်။
သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် မွေးမြူထားရှိသည့် Crocodylus porosus ရေငန် မိကျောင်းသည် သက်တမ်းနှစ် ၇၀ မှ နှစ် ၁၀၀ အထိ လူ့သက်တမ်းတမျှ နေထိုင်နိုင်ပြီး အထီးသည် အမထက် အရွယ်အစား ပို၍ကြီးမားပါသည်။ ပျမ်းမျှအားဖြင့် ရှစ်ပေအရွယ်ခန့်တွင် အရွယ်ရောက်ပြီး နှစ်စဉ်ဖေဖော်ဝါရီလမှစ၍ မိကျောင်းများ စတင်မိတ်လိုက်တတ်သည့် သဘောရှိပါသည်။ ဧပြီ၊ မေ၊ ဇွန် ကာလများတွင် ဥ ဥချတတ်ပါသည်။ မိကျောင်းမွေးမြူရေးစခန်းရှိ သဘာဝကန်တွင် မိကျောင်းမများ ဥအသိုက် ပြုလုပ်နိုင်ရန် သဘာဝအတိုင်း ဖြစ်စေရေး ဖန်တီးပေးထားပါသည်။ မိကျောင်းမတစ်ကောင်လျှင် ဥလုံးရေ ၂၀ မှ ၇၀ အထိ ဥ ဥချလေ့ရှိပါသည်။
တစ်ပေမှသုံးပေအထိ မိကျောင်းငယ်များကို ရေချိုပုစွန်ဆိတ်နှင့် ငါးကြီးဆီရောနယ်၍ နေ့စဉ်ကျွေးမွေး လျက်ရှိပြီး သုံးပေနှင့်အထက် မိကျောင်းကြီးများကို တစ်ပတ်လျှင် ပင်လယ်ငါးစုံ ငါးပိဿာချိန် ၁၅၀ ဝယ်ယူကျွေးမွေးလျက်ရှိပါသည်။ ငါးချဆိပ်ကမ်းများမှလည်း မိကျောင်းများကို တစ်ပတ်လျှင် ငါးပိဿာချိန် ၂၀၀ လာရောက်အစာလှူဒါန်းပါသည်။ မိကျောင်းကြီးများကို ကျန်းမာသန်စွမ်းစ ရန် တစ်ပတ်လျှင် ငါး ပိဿာ ၃၅၀ ခန့် ဂရုတစိုက်ကျွေးမွေးလျက်ရှိပါသည်။ ယခုလက်ရှိ သာကေတမိကျောင်းမွေးမြူရေး စခန်းတွင် အရွယ်စုံမိကျောင်း ကောင်ရေ ၆၂၂ ကောင် ပြုစုမွေးမြူထားလျက်ရှိပါသည်။
မိကျောင်းသည် သားရဲတိရစ္ဆာန်မျိုးနွယ်ဖြစ်ပြီး မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်မျိုးစိတ်များ အပြည်ပြည်ဆိုင်ရာကုန်သွယ် မှု(Convention on International Trade in Endangered Species of Wild Fau-na and Flora(CITES) Appendix I ၏ ကုန်သွယ်မှုတားမြစ် စာရင်းတွင် ပါဝင်သဖြင့် မိမိတို့ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မျိုးသုဉ်းရှားပါးကွယ်ပျောက်လုနီးပါးဖြစ်သည့် မိကျောင်းများကို မျိုးထိန်းထားရှိခြင်းပင်ဖြစ်ပါသည်။ ၄-၁၂-၂၀၂၄ ရက်နေ့က သာကေတ မိကျောင်းမွေးမြူရေးစခန်းသို့ ရောက်ရှိခဲ့ပြီး မိကျောင်းပြုစုကန် (၁) တွင် မိကျောင်းငယ်လေးများ ပြုစုမွေးမြူထားရှိမှု၊ နေ့စဉ်အစာကျွေးနည်း စနစ်၊ အာဟာရဓာတ် ပြည့်ဝစေရန် ငါးကြီးဆီနှင့် ရေချိုပုစွန်ငယ်များရော၍ ကျွေးမွေးနေမှု၊ သဘာဝကန်အတွင်း မိကျောင်းကြီးများကို သဘာဝအလျောက်မွေးမြူ ထားရှိမှုနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး “မိမိအတွေ့အကြုံအရ မိကျောင်းများအတွက် အစာ သန့်ရှင်းလတ်ဆတ်မှုသည် များစွာအရေးကြီးသည် ဟုယူဆကြောင်း၊ မိကျောင်းငယ်များကို နေ့စဉ်ဂရုတစိုက် စနစ်တကျ အစာကျွေးမွေးနေမှုကို သိရှိရ၍ ကျေနပ်ကြောင်း၊ ရေရရှိရေးသည်လည်း အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစာလုံလောက်စွာ ရရှိရေးနှင့် မိကျောင်းကန်များအတွင်း ရေအမြဲမပြတ်ရှိနေရန် ဝန်ထမ်းများအနေဖြင့် အထူးဂရုပြု ဆောင်ရွက်သင့်ကြောင်း” မှာကြားပြီး မိကျောင်း အစာကုသိုလ်အဖြစ် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ ပါသည်။
တက္ကသိုလ်အသီးသီးမှ သုတေသနပြုမည်ဆိုပါက ဥပေါက်သည့်အချိန်မှစ၍ ကြီးထွားသည်အထိ Life cycle အဆင့်ဆင့်နှင့် ကုန်းနေ/ရေနေ မိကျောင်းများ၏ အလေ့အထဖြစ်သည့် ကုန်းပေါ်တွင်လည်းကောင်း၊ ရေထဲတွင်လည်းကောင်း လျင်မြန်စွာလှုပ်ရှားနိုင်ပြီး ရေအောက်ထဲတွင် အချိန်ကြာမြင့်စွာ ငုပ်လျှိုး နေနိုင်ကြောင်းကို တစ်နေရာတည်းတွင် လက်တွေ့လေ့လာနိုင်မည်ဖြစ်ပြီး ရဟန်းရှင်လူ ပြည်သူများအနေဖြင့် မိကျောင်းငယ်လေးများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်သလို အပန်းဖြေလေ့လာနိုင်စေရန်နှင့် ကုသိုလ်ဖြစ် မိကျောင်းအစာကျွေးမွေးနိုင်စေရန် စီစဉ်ထားရှိပြီးဖြစ်သဖြင့် မိကျောင်းမွေးမြူရေးစခန်းသို့ အလည် တစ်ခေါက်လာရောက်လေ့လာကြပါလို့ ဖိတ်ခေါ် အပ်ပါသည်။