ပေါက်ပေါက်

 

မြန်မာနိုင်ငံ၏     လူ့မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၆၇ ဒသမ ၄၂ နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တွက်ချက်မှုမှာ ၆၇ ဒသမ ၇၈ နှစ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ လူတစ်ယောက် သက်တမ်းစေ့နေနိုင်ရန်နှင့် သက်ရှည်ကျန်းမာစေရန်အတွက် သွေး၊ လေများ ကောင်းမွန်လည်ပတ်အောင် နေ့စဉ်လမ်းမှန်မှန်လျှောက်ခြင်းကလည်း  အဓိကကျပါသည်။ WHO မှ ထုတ်ပြန် ကြေညာချက်များအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ချို့တဲ့ခြင်းတို့ကြောင့်  ကမ္ဘာပေါ်တွင်  နှစ်စဉ် လူဦးရေ နှစ်သန်းခန့် ရောဂါဖြစ်ကြပြီး  ကိုယ်ခန္ဓာ မသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းများကို ရင်ဆိုင်နေကြရကြောင်း မှတ်သားသိရှိရပါသည်။

 

ကျန်းမာကြံ့ခိုင်နေသူတစ်ဦးသည် အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေး  စသည့်  နေ့စဉ် လုပ်ငန်း ဆောင်တာများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ လူတိုင်းတွင် မွေးရာပါစွမ်းဆောင်ရည်များ ပါလာကြသည်။ သို့သော် ကျန်းမာနေမှသာလျှင်  ထိုစွမ်းဆောင်ရည်များကို အပြည့်အ၀ အသုံးချနိုင်မည်ဖြစ်သည်။  ထို့ကြောင့် လူတိုင်း အတွက် ကျန်းမာရေးသည် ပထမ၊ ကျန်းမာရေးသည် ဒုတိယ၊ ကျန်းမာရေးသည် တတိယ ဖြစ်နေခြင်း ဖြစ်ပါသည်။  န်းမာကြံ့ခိုင်ရေးအတွက် ငွေကုန်သက်သာသည့် အလွယ်ကူဆုံးလေ့ကျင့် ခန်းသည် လမ်းလျှောက်ခြင်း ဖြစ်ပါသည်။

 

ကမ္ဘာ့အိုလံပစ်ပွဲတော်  စတင်ပေါက်ဖွားရာ ဂရိနိုင်ငံ၏ ကမ်းခြေကျောက်သား ကမ်းပါးတစ်ခု ပေါ်မှာ-

သင်ကျန်းမာချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

သင်ဉာဏ်ကောင်းချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

သင်လှချင်ပါသလား။

သင် -  လမ်းလျှောက်ပါ။

 

ဟူသော စာကမ္ပည်းရေးထိုးထားသည်မှာ လူသား အားလုံးအတွက်  မှတ်သားလိုက်နာဖွယ် ဖြစ်ပေ သည်။

 

အားကစားလေ့ကျင့်နည်း  အမျိုးမျိုးရှိကြရာ ၎င်းတို့အနက် “လမ်းလျှောက်ခြင်း” က အရွယ် သုံးပါးမရွေး အထူးသင့်လျော်သည့် လေ့ကျင့်ခန်း ဖြစ်ပါသည်။ “လမ်းလျှောက်ခြင်း” သည် လူတိုင်းလုပ်ဆောင်နိုင်သော လေ့ကျင့်ခန်းဖြစ်သလို ငွေကြေးကုန်ကျမှုမရှိ၊  ကရိကထလည်း မများသည့်အပြင် အလွယ်ကူဆုံး ဖြစ်သောကြောင့် မိမိတစ်ဦးတည်းဖြစ်စေ၊ မိသားစု သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့် အုပ်စုလိုက်ဖြစ်စေ လွတ်လပ် ပေါ့ပါးစွာ ပြုလုပ်နိုင်ပါသည်။ ကျန်းမာခြင်းဟူသော ဆုလာဘ်သည် ငွေကြေးဖြင့်  ဝယ်ယူ၍ရသော ပစ္စည်းမဟုတ်ပေ။ လူတိုင်းလူတိုင်း မိသားစုဝင်များအားလုံး ကိုယ်ကျန်းမာနေမှလည်း စိတ်ချမ်းသာနိုင်တော့မည် ဖြစ်ပေသည်။

 

လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

လမ်းလျှောက်ခြင်းသည်  ရောဂါကင်းဝေး ကျန်းမာစေပြီး  အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်း တစ်ခုဖြစ်ပေရာ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကို အောက်ပါအတိုင်း အသိပေးမျှဝေလိုပါသည်။

 

နှလုံးအားကောင်းစေပါသည်။ ပုံမှန် လမ်းလျှောက်ခြင်းဖြင့်  ခန္ဓာကိုယ်အတွက် ကောင်းမွန်သော HDL ကိုလက်စထရောများကို သဘာဝအလျောက်မြှင့်တင်ပေးပြီး မကောင်းသော LDL  ကိုလက်စထရောများကို လျှော့ချပေးပါသည်။  နှလုံးသွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသဖြင့် နှလုံးကိုကျန်းမာစေပါသည်။ အမေရိကန် နိုင်ငံတွင် အသက် ၇၀ ကျော်  အရွယ်များအား လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ ခပ်သွက်သွက် နှင့် အချိန်ကြာကြာ လမ်းလျှောက်သော  သက်ကြီး ရွယ်အိုများသည် နှလုံးသွေးကြောဆိုင်ရာရောဂါ (CVD) ဖြစ်ပွားနိုင်သည့် အန္တရာယ်နည်းပါးကြောင်း၊ တစ်နာရီလျှင် ငါးကီလိုမီတာထက်ပိုသော အမြန်နှုန်းဖြင့် လမ်းလျှောက်သော အရွယ်ရောက်ပြီးသူများသည် တစ်နာရီလျှင် သုံးကီလိုမီတာနှုန်းဖြင့် လမ်းလျှောက်သူများထက် နှလုံးရောဂါဖြစ်ပွားနိုင် သည့်အန္တရာယ် ၅၀ ရာခိုင်နှုန်း လျော့နည်းသွားကာ  လေဖြတ် အန္တရာယ်မှလည်း ၅၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာတွေ့ရှိရပါသည်။

 

ပျမ်းမျှ တစ်နေ့လျှင် ဘတ်စ်ကား ခုနစ်မှတ်တိုင်အကွာအဝေး သို့မဟုတ် ၎င်းထက်ပို၍ လမ်းလျှောက်သူများသည် သီတင်းတစ်ပတ်လျှင် ပျမ်းမျှဘတ်စ်ကား ငါးမှတ်တိုင် အကွာအဝေးခန့်သာ လျှောက်သူများထက် နှလုံးရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် ၃၆ ရာခိုင်နှုန်း လျော့နည်းပြီး လေဖြတ်နိုင်သည့်အန္တရာယ်မှလည်း ၅၄ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါသည်။ ထို့ပြင် လမ်းလျှောက်သည့် အမြန်နှုန်း သို့မဟုတ် အကွာအဝေး ပိုများသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်လျော့နည်းကြောင်း၊ ရက်သတ္တ တစ်ပတ်လျှင် မိနစ် ၃၀ ကြာ လမ်းလျှောက်နိုင်မည်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း နည်းပါးသွားကြောင်း လေ့လာမှတ်သားရပါသည်။

 

ကိုယ်အလေးချိန်ကျစေပါသည်။ လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းသွားစေပြီး ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ရုံမျှဖြင့် ကယ်လိုရီ ၅၀ လောင်ကျွမ်းနိုင်ကာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကိုလည်း အားကောင်းလာစေပါသည်။ သွေးတိုးနှင့် လေဖြတ်ခြင်းမှ ကာကွယ်စေပါသည်။ တစ်နေ့လျှင် နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းက သွေးတိုးရောဂါ မဖြစ်စေတော့ပေ။

 

ထို့ပြင် သွေးတိုးရောဂါနှင့် ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းအလားအလာကို ၂၇ ရာခိုင် နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။ အဆုတ်ကောင်းစေပါသည်။ လမ်းလျှောက်နေချိန်တွင် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ကို များများလိုအပ်ခြင်းကြောင့် အသက်ပိုရှူရသဖြင့် အဆုတ်၏ လုပ်ဆောင်ချက်များ ပိုကောင်းလာပါသည်။ ရောဂါဝေဒနာဆိုးများမှ တားဆီးပေးနိုင်ပါသည်။ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းက ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေ အလားအလာကို ၆၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးသည့်အပြင် ရက်သတ္တတစ်ပတ်လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကို အားကောင်းစေပြီး အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာစသည့် ကုသရန်ခက်ခဲသော ရောဂါဆိုးကြီးများ ဖြစ်နိုင်ခြေ အလားအလာကိုပါ ၂၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း The British Medical Journal (ခေါ်) ဗြိတိန်ကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားပါသည်။   ကြွက်သားများ ကျစ်လျစ်လာစေပါသည်။ လမ်းလျှောက် လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းက ကယ်လိုရီတွေ လောင်မြိုက်သွားစေသဖြင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်လာစေ ပြီး ကြွက်သားများ ကျစ်လျစ်သန်စွမ်းလာစေပါသည်။

 

လမ်းလျှောက်ခြင်းက ပြင်းထန်သော လေ့ကျင့်ခန်းမဟုတ်သဖြင့် ကြွက်သားနာကျင်မှု မဖြစ်စေနိုင်ပေ။ ထို့ကြောင့် အနာတရဖြစ်ပေါ်ခြင်း၊ နောက်တစ်နေ့ လမ်းထလျှောက်ဖို့အတွက် ကြွက်သားနာလို့ မလျှောက်နိုင်တာမျိုးလည်း မဖြစ်စေနိုင်ပေ။ ခန္ဓာကိုယ်အဆီပိုတွေမရှိချင်ဘူး၊ ကြွက်သားတွေ သန်မာစေချင်တယ်ဆိုလျှင် တစ်နေ့ခြေလှမ်းရေ ၁၀၀၀၀ ခန့် လမ်းလျှောက်ပေးရုံမျှဖြင့် ရနိုင်ပါသည်။ ၎င်းထက်ပိုပြီး ပြင်းထန်သည့် လေ့ကျင့်ခန်းကို လိုချင်သူဖြစ်ပါက တောင်တက် လမ်းလျှောက်ခြင်းပြုလုပ်ပါ။ ထို့ပြင် စက္ကန့် ၃၀ မှ တစ်မိနစ်၊ နှစ်မိနစ်အထိ ခပ်မြန်မြန်လမ်းလျှောက် ပြီး တစ်ဖန် ပုံမှန်လမ်းလျှောက်ခြင်း၊ ထို့နောက် ခပ်မြန်မြန် ပြန်လည်လမ်းလျှောက်ခြင်းကလည်း ကြွက်သားများကို ထိထိရောက်ရောက် သန်မာစေ ပါသည်။

 

ဦးနှောက်ကို ကောင်းကျိုးပြုပါသည်။ အင်္ဂလန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးကြီးများကို ရက်သတ္တတစ်ပတ်လျှင် ခြောက်မိုင်ကျော်မျှ လမ်းလျှောက်စေခဲ့ရာ စိတ်ဖိစီးမှုတွေ မရှိတော့ဘဲ ယခင်အခြေအနေထက် မှတ်ဉာဏ်စွမ်းရည်ပမာဏ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန် လာကြောင်း လေ့လာတွေ့ရှိ ခဲ့ပါသည်။ အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ လမ်းလျှောက်နေစဉ်မှာ ကြွက်သားများက အရိုးများကိုဆွဲတင်ပေးပြီး ရွေ့လျားမှုဖြစ်ပေါ်စေသဖြင့် အရိုးများကို ပိုမိုသန်မာစေပါသည်။ စိတ်ဖိစီး မှုဖြစ်စေသော ကော်တီ ဇောဟိုမုန်းသည် အရိုးများ၏ သိပ်သည်းဆကို လျော့ကျစေပြီး အရိုးပွရောဂါကို ဖြစ်စေတတ်သည်။ လမ်းများများလျှောက်ခြင်းဖြင့် ကော်တီဇောပမာဏ လျော့ကျသွားစေနိုင်သဖြင့် အရိုးပွခြင်း ကို သက်သာလာစေသည်။ အထူးသဖြင့် သွေးမဆုံးခင်နှင့် သွေးဆုံးပြီးစ အမျိုးသမီးများ အရိုးပွရောဂါမဖြစ်ရလေအောင် လမ်းမှန်မှန် လျှောက်ပေးဖို့ အထူးလိုအပ်ပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်းက အရိုးအဆစ်များကို ကျန်းမာကြံ့ခိုင်စေသဖြင့် အဆစ်အမျက်ရောင် ဝေဒနာသည်များလည်း လမ်းလျှောက်လေ့ကျင့်ခန်း မှန်မှန် လုပ်သင့်ပါသည်။

 

ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပါသည်။ လမ်းလျှောက်သည့်အခါ ခန္ဓာကိုယ်ကို မတ်မတ် ထား၍ ရင်ကိုဖွင့်ကာ သက်သောင့်သက်သာ အနေအထားဖြင့် ပခုံးနှစ်ဖက်ကိုဖြေလျှော့ပြီး လက်နှစ်ဖက် ကို ဟန်ချက်ညီညီ အားရပါးရ လွှဲလျှောက်ပေးရပါမည်။ ထိုကဲ့သို့ နည်းစနစ်မှန်မှန် လမ်းလျှောက်ခြင်းက ရင်ဘတ်ကြွက်သားများကို ကျစ်လျစ်လာ စေသလို ခါးတစ်ဝိုက်ရှိ အဆီပိုများကိုပါ ဖယ်ရှားပေးနိုင်သဖြင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သွား စေပါသည်။ ဗီတာမင်ဒီရရှိစေပါသည်။ အရိုးကျန်းမာရေးအတွက် ဗီတာမင်ဒီဓာတ်ကို မရှိမဖြစ် လိုအပ် သည်။ နံနက်ပိုင်း နေရောင်ခြည်နုနုအောက်မှာ နေပူစာလှုံရင်း လမ်းလျှောက်ခြင်းက ဗီတာမင်ဒီဓာတ် အပြည့်အဝ ရရှိစေမည် ဖြစ်ပါသည်။ နေ့စဉ် ပုံမှန်လမ်းသွက်သွက်လျှောက်ခြင်းကြောင့် ကျန်းမာ ပျော်ရွှင်မှုကိုဖြစ်စေသည့် အန်ဒေါ်ဖင်ဟော်မုန်းများလည်း ပိုမိုထွက်ရှိလာပါသည်။ လေကို တဝကြီးရှူရှိုက်၍ ခပ်သွက်သွက် လမ်းလျှောက်ခြင်းက စိတ်၏ထွက်ပေါက်ဖြစ်စေနိုင်သောကြောင့် အချိန်တိုအတွင်းမှာပင် စိတ်ဖိစီးမှုများကို ပြေပျောက်သွားစေသည်။ မျက်စိတင်းအားကို လျော့ကျသွားစေသဖြင့် မျက်စိတိမ်စွဲခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ အရေပြားသို့ သွေးစီးဆင်းမှုအားတိုးစေပြီး အရေပြားဆဲလ်များကို အာဟာရ ဖြစ်စေကာ ကျန်းမာနုပျို သောအသွင်ကို မလွဲမသွေ ဖြစ်ပေါ်လာစေပါသည်။

 

အချုပ်ဆိုရသော် လမ်းလျှောက်သည်ဆိုရာဝယ် ဆောင်းရာသီတစ်ခုတည်းသာမက နွေရော မိုးပါ ဥတုရာသီချိန်ခါမရွေး လမ်းမှန်မှန်လျှောက်သော အလေ့အထကောင်းကို မွေးမြူသင့်ပါသည်။ မည်သို့ပင် ဆိုစေကာမူ မိမိကိုယ်တိုင် တကယ် ကျန်းမာချင်ပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်ချင်စိတ် ရှိပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်တတ်ပါမှ၊ ကျန်းမာရေး အသိသတိဖြင့် ဇွဲလုံ့လရှိပါမှ ရောဂါဘယကင်းဝေး၍ တကယ် ကျန်းမာနိုင်မည် ဖြစ်ပေ သည်။ လူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှု များပြားလာကြသည်။

 

ထိုအခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများ လျှောက်ပေးသင့်ပါသည်။ စုပေါင်း လမ်းလျှောက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှု ကို ရသကဲ့သို့ ပျော်ရွှင်မှုကိုလည်း အမှန်အကန်ရ ရှိစေပါသည်။

 

သို့ပါ၍ ကိုယ်ခန္ဓာ သန်စွမ်းစေဖို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။