၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၇ နာရီ ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေ) တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ ၂၅-၁၂-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်သည်။
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
Credit>မိုးဇလ