ပွင့်ဖြူ ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် စားသုံးဆီ ဖူလုံပိုလျှံစေရန်အတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ မြေပဲ ဧက ၁၅၇၀ စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ဧက ၂၉၃၀ စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက် ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပဲ ဧက ၁၅၇၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကြိုးပမ်းဆောင်ရွက်

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲသီးနှံစိုက်ပျိုးရာတွင် ဒေသခံ တောင်သူများက သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် ဒေသနှင့်ကိုက်ညီသည့် ဆင်းပဒေသာ - ၁၁ မြေပဲမျိုးများကိုသာ အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို အရည်အသွေးကောင်းသောသီးနှံများ ထွက်ရှိရေး၊ စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး စသည့်စိုက်ပျိုးရေး အသိပညာပေးခြင်းများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြေပဲ ၁၆၆၁ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ဧက ၃၆၁၉ ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခု ဆောင်းသီးနှံစိုက်ပျိုးရာတွင် မြေပဲစိုက်ဧက ၂၉၃၀ လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ ဧက ၁၅၇၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ စပ်ဆက်ဌာနများက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)