ဒီဇင်ဘာ ၂၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ညနေပိုင်းက အထပ်များစွာပါရှိသောအဆောက်အအုံ ပြိုကျမှုဖြစ်ပွားခဲ့ရာ ထိုအပျက်အစီးများအောက်တွင် လူများစွာပိတ်မိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါအဆောက်အအုံပြိုကျမှုသည် ပန်ဂျပ်ပြည်နယ် မိုဟာလီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးအဖွဲ့(အင်န်ဒီအာအက်ဖ်)၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ထိုနေရာသို့ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်ခဲ့ကြောင်းနှင့် ကယ်ဆယ်ရရှိသောအမျိုးသမီးတစ်ဦးကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အင်န်ဒီအာအက်ဖ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအဆောက်အအုံ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အားကစားရုံနှင့် တည်းခိုခန်းတို့ပါရှိသောအဆောက်အအုံသည် ၎င်းနှင့်ကပ်လျက်ရှိသော အဆောက်အအုံအသစ်အတွက် တူးဖော်မှုလုပ်ဆောင်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မီဒီယာကဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို