နေပြည်တော် ဒီဇင်ဘာ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အတူ ယနေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဇသာဒီနန်းတော်ရှိ မြန်မာမှု ပန်းဆွဲများ၊ အမိုး၊ တိုင်၊ မျက်နှာကျက်၊ ကြမ်းခင်းပျက်စီးမှုတို့ကို ရှေးမူမပျက် ပြင်ဆင်ရာတွင် ယဉ်ကျေးမှုအမွေ အနှစ်အဆောက်အအုံဖြစ်၍ အရည်အသွေးပြည့်မီစေရေး၊ လက်ရာသေသပ် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ပြုပြင်ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) (ရန်ကုန် - ပဲခူး) လမ်းပိုင်းတွင် နိုင်လွန်ကတ္တရာ(AC) ခင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး နိုင်လွန်ကတ္တရာ(AC) ခင်းရာတွင် သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် ရန်ကုန်-မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်) လမ်းပိုင်းတွင် ဦးစားပေးအလိုက် နိုင်လွန်ကတ္တရာ (AC) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေး ဝဲ/ယာတို့တွင် သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို မော်တော်ယာဉ်ဖြင့် လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


