နေပြည်တော် ဒီဇင်ဘာ ၂၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang (ဝေ့ဝမ်) ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံ ထုတ်လုပ်မှုစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံ ထုတ်လုပ်မှုစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှ ထွက်ရှိလာသော သံဘူးများကို နို့ထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စက်ရုံအတွင်း သံဘူးထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာ အထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ ထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေး အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း အထည်များ ချုပ်လုပ်နေမှုခြေအနေများနှင့် ထုပ်ပိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်