နေပြည်တော် ဒီဇင်ဘာ ၂၃

အလုပ်သမားဝန်ကြီးဌာန ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါရုံးရှေ့၊ မြက်ခင်းပြင်၌ ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဉီးစွာပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်း အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်စွမ်း မှုရရှိစေရေး၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားကစားသမား မောင်မယ်များသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိအောင် ယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအဆင့် အားကစားသမားများမှတစ်ဆင့် နိုင်ငံတော်အဆင့် ဝန်ကြီးဌာန ကိုယ်စားပြု ယှဉ်ပြိုင်နိုင်သည့်  အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို အားပေးကြည့်ရှု ကြသည်။

အဆိုပါ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ပြိုင်ပွဲဝင်အသင်း (၁၀) သင်းမှ ဝါသနာရှင်ဝန်ထမ်းအားကစားသမား စုစုပေါင်း (၁၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်